ရှားပါးဆေးဖက်ဝင် ကမ်းဇော်တော မြေယာလုပ်ကိုင်ခွင့်ကိစ္စ ပြန်စိစစ်ရန် တင်ပြမည်

0
1457

ရှားပါးပြီး ဆေးဖက်ဝင်သည့် သဘာ၀ကမ်းဇော်တောအား လုပ်ငန်းရှင် တစ်ဦးအား မြေယာလုပ်ကိုင်ခွင့်ပေးထား သည့်အပေါ် ပြန်စိစစ်ရန် တင်ပြသွားမည် ဖြစ်ကြောင်း သာရမဲရွာသားများထံမှ သိရသည်။

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ သရမဲကျေးရွာအနီး နှစ်ပေါင်းရာချီ သဘာ၀အတိုင်း ပေါက်ရောက်နေသည့် ကမ်းဇော်တော ဧက နှစ်ဆယ်ခန့်ရှိသည့် အနက် ဆယ်ဧကခန့်အား မြိတ်မြို့နေ လုပ်ငန်းရှင်တစ်ဦးက၂၀၁၂ ခုနှစ်မှစ၍ မြေယာလုပ်ကိုင်ခွင့် လျှောက်ထားပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယင်းအပေါ် ပြန်စိစစ်ရန် သက်ဆိုင် ရာဌာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်း ရွာသားများက ပြောသည်။

“စလုပ်ကတည်းက ကန့်ကွက်ကြ တယ်။ ကန့်ကွက်နေရင်းနဲ့ ၂ နှစ်အကြာ သူ့မှာ ပုံစံ ၇ (မြေယာ လုပ်ကိုင်ခွင့် လက်မှတ်) ရသွားတယ်”ဟု ယင်း ကျေးရွာသား ဦးဆန်းမင်းဦးက ပြောသည်။

ဦးဆန်းမင်းဦးသည် လက်ရှိအချိန်တွင် သရမဲသဘာ၀ဒီရေတောထိန်းသိမ်း ရေးအဖွဲ့၏ တာဝန်ခံလည်း ဖြစ်သည်။

ယင်းသို့ ပြုလုပ်လိုက်ခြင်းကြောင့် ရွာသားများယခင်ကဲ့သို့ လွတ်လပ်စွာ ကောက်ယူ သုံးစွဲခွင့်မရတော့သည့် အတွက် အဘက်ဘက်မှ နစ်နာမှုရှိနေ ကြောင်း ၎င်းက ပြောပြသည်။

“ရွာသားတွေ အများပိုင်အဖြစ် သဘောတူထားတာ သူပိုင်ဆိုပြီး လုပ်လိုက်တော့ ရွာသားတွေမှ မကျေနပ်ကြ ဘူးပေါ့။ အဲဒါကို ရွာပိုင်အဖြစ် ပြန်လိုချင် နေကြတယ်”ဟု သာရမဲကျေးရွာ တာဝန်ခံ ဦးမင်းသူက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျေး ရွာသား ၃၀၀ နီးပါးခန့်မှ ကမ်းဇော်တော ပြန်လည်ရရှိရေး လက်မှတ်များ ရေးထိုး ကာ တိုင်းဒေသကြီးအစိုးရသို့ ၂၀၁၆ ခုနှစ်အထိ အကြိမ်ကြိမ် တိုင်စာပေးပို့ ခဲ့သော်လည်း ယနေ့အချိန်အထိ အကြောင်းထူး မလာကြောင်း သာရမဲ ရွာသား ဦးဆန်းမင်းဦးက ဆိုသည်။

“အကြောင်းထူးမလာလည်း ထပ်ပြီး တင်ပြဦးမယ်။ ဒီလမကုန်ခင် တင်ပြဖို့ ကိုလည်း စီစဉ်ထားပြီးပြီ”ဟု ၎င်းက ပြောသည်။

ရွာသားများ၏ ဥယျာဉ်ခြံမြေတချို့ သည် ယင်းကမ်းဇော်တော ပတ်ပတ် လည်တွင်ရှိပြီး ယခုအခါ ကမ်းဇော်တော ကို ရှောင်ကွင်းကာ သွားနေရသည့် အတွက် ခြံရှင်နှင့်ရွာသားများအကြား ပွတ်တိုက်မှုတချို့ဖြစ်လျက်ရှိကာ ကြာလျှင် ရာဇဝတ်မှုခင်းများ ဖြစ်လာနိုင် ကြောင်း ယင်းရွာသားများက ဆိုသည်။

အဆိုပါ ကမ်းဇော်တောတွင် ကမ်းဇော် သီးကြွေသည့်အချိန် မေ၊ ဇွန်၊ ဇူလိုင်လ များတွင် အနီးအနား ကျေးရွာများဖြစ် ကြသည့် ဒလရှောင်၊ ပြင်းငယ်၊ အင်္ဂမော်၊ ပိန္နဲတောင်၊ ရွှေဒူး စသည့်ကျေးရွာများမှ ကျောင်းသားများ ကျောင်းနေစရိတ်ရရန် လာရောက် ကောက်ယူ ရောင်းချလေ့ရှိ ကြပြီး ယခုအခါ ကောက်သူနည်းသွား ကြောင်း ၎င်းရွာသားများက ပြောပြသည်။

“ကမ်းဇော်ပင်တချို့ကို ခုတ်သတ် ပြီး ကွမ်းသီးပင်စိုက် လိုက်ကတည်းက ရေခမ်းခြောက်ပြီး အသီးအထွက်နည်း သွားတယ်။ လုပ်ပိုင်ခွင့်ရထားသူကလည်း ပိုင်နက်ကျူးလွန်ရင် တရားစွဲမယ်ဆိုတော့ အများသူငါ မလာရဲကြတော့ဘူး”ဟု ဦးမင်းသူက ပြောသည်။

လက်ရှိကမ်းဇော်စေ့ နို့စီတစ်ဘူး လျှင် ကျပ် ၂၅၀၀ မှ ကျပ် ၅၀၀၀ ခန့် အထိ ရောင်းရပြီး ကမ်းဇော်ဆီ ၅၀ ကျပ် သားတစ်ဘူးမှာ ငွေကျပ် ၁ သိန်းပေါက် ဈေးရှိကြောင်း ရွာသားများနှင့် ကမ်းဇော် ဆီ ဈေးကွက်မှ သိရသည်။

ကမ်းဇော်တော မြေယာအငြင်းပွား မှုနှင့် ပတ်သက်ပြီး ရွာသားများ ကျေနပ် ခြင်းမရှိပါက ပြန်လည်စိစစ်ပေးရန် တိုင်ကြားနိုင်ပြီး လက်ရှိ မိမိတာဝန် ထမ်းဆောင်သည့် ကာလတွင် တိုင်ကြား လာခြင်း မရှိသေးကြောင်း မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ဗိုလ်ဝင်း က ပြောသည်။

ကမ်းဇော်တစ်ပင်သည် ၃ နှစ်လျှင် တစ်ကြိမ်သာ အလှည့်ကျ အသီးသီး လေ့ရှိပြီး မြန်မာနိုင်ငံတောင်ဘက်ဖျား တနင်္သာရီတိုင်းအတွင်း မြိတ်၊ ကော့သောင်း၊ တနင်္သာရီ၊ ပုလော စသည့်မြို့နယ်များ ၌သာ အများဆုံးတွေ့ရှိရကာ ဒေသခံများ က အစွမ်းထက်သည့် အိမ်သုံးဆေးအဖြစ် အသုံးပြုလေ့ရှိကြကြောင်း အမှတ် ၂၈ မြိတ်မဂ္ဂဇင်းပါ ဒေါ်ဝါဝါ(တိုင်းရင်းဆေး) ၏ သုတေသန ဆောင်းပါးတွင် ဖော်ပြ ထားသည်။

ကမ်းဇော်တစ်ပင် စပေါက်သည့် အချိန်မှ အသီးသီးသည်အထိ နှစ်ပေါင်း ၁၀၀ နီးပါး ခန့်စောင့်ရကြောင်း ဒေသခံများက ပြောပြသည်။

ကိုဆန်း