မသန်စွမ်းသူများအသင်းခွဲလာဖွင့်မည်

0
371

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း တနင်္သာရီတိုင်းရုံးခွဲကို လာမည့် ဖေဖော်ဝါရီလတွင် လာရောက်ဖွင့်လှစ် ရန်အတွက် တိုင်းအစိုးရကို ကမ်းလှမ်း ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ပြောသည်။

တနင်္သာရီတိုင်းတွင် မသန်းစွမ်းသူ များအသင်း ရုံးခွဲဖွင့်လှစ်နိုင်ရန်အတွက် တိုင်းအစိုးရက နေရာနှင့် အလုပ်အမှု ဆောင်အဖွဲ့ ဖွဲ့စည်းမည့်ကိစ္စများကို တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ဦးဟိုပင်က ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းရုံးခွဲများကို ပြည်နယ်နှင့်တိုင်းအား လုံးနီးပါးတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်သာ ဖွင့်လှစ်ရန် ကျန်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“တနင်္သာရီတိုင်းကို ကျန်နေတဲ့ အထဲမှာ မပါစေချင်ဘူး။ အဲဒါကြောင့် လာခဲ့ပါ။ တည်းခိုဖို့နေရာတွေ၊ သူတို့က အလုပ်အမှုဆောင်ဖွဲ့ဖို့ နေရာတွေကို စီစဉ်ပေးမယ်လို့ အကြောင်းပြန်ထားတယ်”ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းတွင် မသန်စွမ်းများ ၏ အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ မရှိသဖြင့် တိုင်းအတွင်း မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းရုံးခွဲလာရောက် ဖွင့်လှစ်သည်ကို ကြိုဆိုကြောင်း တနင်္သာရီ တိုင်း လူငယ်ရေးရာကော်မတီ မသန်စွမ်း ကိုယ်စားလှယ် ကိုမျိုးမင်းဦးက ပြောသည်။

“အမည်ခံ မဖြစ်ဖို့တော့ လိုတာပေါ့။ ရုံးခွဲလာဖွင့်မယ်၊ ပြီးရင် ပြန်သွားမယ် ဆိုရင် ဒီအသင်းက ဘာလုပ်ပေးမှာလဲ ဆိုတာမျိုးတွေ မဖြစ်ဖို့တော့ လိုတယ်”ဟု ကိုမျိုးမင်းဦးက ဆိုသည်။

ယင်းအသင်းရုံးခွဲဖွင့်လှစ်ရန် အသေး စိတ်စီစဉ်ပြီးပါက တိုင်းအတွင်းရှိ မသန်စွမ်းသူများကို အကြောင်းကြားမည်ဖြစ် ကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။

တိုင်းအစိုးရသည် တိုင်းမသန်းစွမ်း သူများ အခွင့်အရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းရာတွင် မသန်စွမ်းကိုယ်စားလှယ်ကို ကာယကံရှင်အား အသိမပေးဘဲ ထည့်သွင်းသည့်ကိစ္စနှင့် ပတ်သတ်ပြီး မသန်စွမ်းသူများ၏ ဝေဖန်ခြင်းကို ခံနေရသည်။

ကျော်သူစိုး