မိုးရာသီ ပျက်စီးသွားသည့် လမ်းတံတားများ အပြီးသတ် ပြန်ပြင်ရန် ဘတ်ဂျက်မရသေး

0
534

ပြီးခဲ့သည့်မိုးရာသီက ပျက်စီးသွား ခဲ့သည့် လမ်းတံတားများ အပြီးသတ်ပြု ပြင်တည်ဆောက်ရန် ဘတ်ဂျက်မကျ သေးကြောင်း လမ်းဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ဇော်ဝင်း က ပြောသည်။

ယမန်နှစ် မိုးရာသီက မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုများကြောင့် ပြည်ထောင်စုလမ်းမပေါ် ပျက်စီးဆုံးရှုံး မှုများအတွက် လမ်းဦးစီးဌာနရုံးချုပ် (ဆောက်လုပ်ရေးဝန်ကြီးဌာန)ထံ ဘတ်ဂျက် တောင်းခံထားပြီး တိုင်းအတွင်းလမ်း များအတွက်မူ တိုင်းဒေသကြီးအစိုးရထံ ဘတ်ဂျက်တောင်းခံ ထားကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။

မိုးရာသီက ပျက်စီးခဲ့သည့် လမ်းဦးစီးဌာနပိုင် လမ်းတံတားများ ရေရှည် တည်တံ့ကောင်းမွန်အောင် ပြုပြင်ခြင်း လုပ်ငန်းများအတွက် ငွေကျပ် ၁၂ ဘီလီယံကျော် သုံးစွဲရမည်ဖြစ်ကြောင်း လမ်းဦးစီး ဌာနက ထုတ်ပြန်ခဲ့ဖူးသည်။ (တစ်ဘီလီယံ သည် သန်းပေါင်းတစ်ထောင်နှင့် ညီမျှ သည်။)

ယင်းအချိန်က မြေပြိုမှုများကြောင့် ရန်ကုန်-ထားဝယ်လမ်းပိုင်းကို ရက် အနည်းငယ်အကြာ ပိတ်ထားခဲ့ရသည်။

ပြည်ထောင်စုလမ်းမပေါ်ရှိ လမ်း တံတားများကို ယာယီနှင့် အချောသပ် ပြုပြင်တည်ဆောက်ရန် ငွေကျပ် ၄ ဒသမ ၈ ဘီလီယံတောင်းခံထားပြီး ယာယီပြု ပြင်ခြင်းလုပ်ငန်းအတွက် ကျပ် ၁၂၉ ဒသမ ၅ သန်း ရရှိထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။

တိုင်းအတွင်း ပျက်စီးလမ်းတံတား များ အပြီးသတ် ပြုပြင်တည်ဆောက်ရန် ငွေကျပ် ၉ ဒသမ ၄ ဘီလီယံကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံထား ကြောင်း ယင်းဌာနထံမှ သိရသည်။

အထက်ပါ ငွေကြေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလခန့်က တောင်းခံ ထားပြီး လက်ရှိတွင် လမ်းဦးစီးဌာနရုံး ချုပ်က ချပေးသည့် ဘတ်ဂျက်အနည်းငယ်သာ ရရှိသေးကြောင်း ဦးသက်ဇော်ဝင်းက ဆိုသည်။

“အဓိကအပိုင်းတွေ မပါသေးဘူး ပေါ့။ အခုထိုးထားတဲ့ ဘေလီတံတားလို အပိုင်းတွေ မပါသေးဘူးပေါ့”ဟု ဦးသက် ဇော်ဝင်းက ပြောသည်။

ပြီးခဲ့သည့် မိုးရာသီက ရေကြီး မြေပြိုမှုများကြောင်း လမ်းဦးစီးဌာနပိုင် လမ်းတံတားများအပြင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနပိုင် လမ်းတံတားအချို့ လည်း ပျက်စီးသွားခဲ့သည်။

Dawei Watch