တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု စွဲချက်တင်သင့်/မသင့် နှစ်ဖက် ကြားနာမည်

0
486

အဂတိလိုက်စားမှုဥပဒေဖြင့် တရား စွဲဆိုခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့ မော်၏ အမှုကို စွဲချက်တင်သင့်/မသင့် နှစ်ဖက်ကြားနာတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

အမှု၏ ၄၃ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် ဇန်နဝါရီလ ၈ ရက်တွင် နှစ်ဖက်လျှောက်လဲချက်များ ကို ကြားနာမည် ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန် ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

အမှု၏ ၄၂ ကြိမ်မြောက် ရုံးချိန်း ဖြစ်သည့် ဒီဇင်ဘာလ ၂၇ ရက်တွင် ရာဇဝတ်ကြီးမှုအမှတ် ၂/၂၀၁၉ အမှုအတွက် တရားလိုပြသက်သေအဖြစ် စစ်ဆေးမည့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးကောင်းစံဦးနှင့် ဦးဝေဖြိုးအောင်တို့ကို စစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်း ဒေါ်အေး အေးသန်းက ဆိုသည်။

ငွေကျပ်သိန်းလေးထောင် အသုံးပြုကာ ထားဝယ်လေယာဉ်ကွင်းရှိ သစ်ပင် ချုံနွယ်များရှင်းလင်းခဲ့သည့် အမှုဖြစ်သည်။

“ဦးကောင်းစံဦးကို စစ်ဆေးရန် ချိန်းဆိုထားပေမယ့် မလာရောက်တဲ့ အတွက် မစစ်ဆေးနိုင်ခဲ့ပါဘူး”ဟု တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

ထို့အပြင် ဦးဝေဖြိုးအောင်ကိုလည်း မစစ်ဆေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ဥပဒေ အရာရှိက အထက်ပါတရားလိုပြ သက်သေများကို ပယ်ရန် တင်ပြလာကြောင်း ဒေါ်အေးအေးသန်းက ပြောသည်။

ဇန်နဝါရီလ ၈ ရက် ရုံးချိန်းတွင် အမှုလေးမှုစလုံးအတွက် စွဲချက်တင်သင့်/မသင့် နှစ်ဖက်ကြားနာမည်ဖြစ်ပြီး နှစ် ဖက်အပြန်အလှန် လျှောက်လဲချက်ကြား နာပြီးပါက နောက်ရုံးချိန်းတွင် စွဲချက် တင်/မတင် အမိန့်ချတော့မည် ဖြစ်သည်။

လက်ရှိအချိန်ထိ တရားလိုပြ သက်သေအဖြစ် ၁/၂၀၁၉ အမှုတွင် ၂၀ ဦး ၊ ၂/၂၀၁၉ အမှုတွင် ၂၃ ဦး၊ ၃/၂၀၁၉ အမှုတွင် ၂၀ ဦးနှင့် ၄/၂၀၁၉ အမှုတွင် ၂၁ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ယင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။

Dawei Watch