တနင်္သာရီတိုင်းတွင် မြေရှားသတ္တု တူးဖော်ခွင့် လျှောက်ထားသူ မရှိသေး

0
438

တနင်္သာရီတိုင်းတွင် ရှားပါးဒြပ်စင် ၁၇ မျိုးပါဝင်သည့် မြေရှားသတ္တု (Rare Earth) တူးဖော်ရန် ခွင့်ပြုမိန့်လျှောက်ထားခြင်း မရှိသေးကြောင်း တနင်္သာရီ တိုင်း သတ္တုတွင်း ဦးစီးဌာနထံမှ သိရ သည်။

၁၉၉၄ ခုနှစ် မြန်မာ့သတ္တုတွင်း ဥပဒေတွင် မြေရှားသတ္တု တူးဖော်ခွင့်နှင့် ပတ်သက်ပြီး ထည့်သွင်းရေးဆွဲထားခြင်း မရှိဘဲ ၂၀၁၅ ခုနှစ်တွင် ပြန်လည် ပြင်ဆင်သည့် မြန်မာ့သတ္တုတွင်း ဥပဒေ တွင်မှု ယင်းသတ္တုအကြောင်း ထည့်သွင်း ရေးဆွဲထားကြောင်း အထက်ပါဌာမှ အရာရှိတစ်ဦးက ပြောသည်။

“ဒီသတ္တုက မြေထု၊ ရေထု၊ လေထု သဘာ၀ပတ်ဝန်းကျင်ကို ပိုပြီးထိခိုက် တာတွေ ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် ပြန်လည်ပြင်ဆင် ထားသည့် မြန်မာ့သတ္တုတွင်းဥပဒေအရ မြေရှားသတ္တု တူးဖော်ရန်အတွက် ပြည်ထောင်စုကို တိုက်ရိုက်လျှောက်ထား ရမည်ဖြစ်ပြီး ခွင့်ပြုမိန့်ကိုလည်း ပြည် ထောင်စုကသာ ဆုံးဖြတ်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်အတွင်း မြေရှားသတ္တု အကြောင်းကို ပြည်တွင်း သတင်းဌာန အချို့တွင် ဖော်ပြမှုများရှိလာနေပြီး အဓိက အားဖြင့် မြေရှားသတ္တုများမှာ ကချင်ဒေသတွင် ထွက်ရှိကြောင်း ဖော်ပြထားကြ သည်။

ဒီဇင်ဘာလ ၁၈ ရက် BBC သတင်း ဌာနမှဖော်ပြချက်အရ ကချင်ပြည်နယ် မြောက်ပိုင်းရှိ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ လွယ်ဂျယ် စသည့်ဒေသများတွင် မြေရှား သတ္တုကို ပြည်တွင်းကုမ္ပဏီများက တရားမဝင် တူးဖော်နေပြီဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး