မာရမ်းလှေလှော်အသင်း ရေဖြူ လှေလှော်ပွဲ ဝင်ပြိုင်မည်

0
572

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ထားဝယ်မြစ်အတွင်း ကျင်းပမည့် ရေဖြူမြို့နယ် လှေလှော်ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်းမှ မာရမ်းရွာလှေလှော်အသင်း ပါဝင်ယှဉ် ပြိုင်မည်ဟု ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

မာရမ်းလှေလှော်အသင်းသည် ပါချန် မြစ်အတွင်း ထိုင်းဘက်မှ ကမကထပြု ကျင်းပသည့် ပြိုင်ပွဲများတွင် ထိုင်းလှေ လှော်အသင်းများကို ကျော်ဖြတ်ကာ ပထမ၊ ဒုတိယ၊ တတိယ စသည့် ဆုကြီးများ ဆွတ်ခူးထားသည့် အသင်းဖြစ်သည်။

ရေဖြူလှေလှော်ပြိုင်ပွဲသည် ယခင် က မြို့နယ်အတွင်းရှိ လှေလှော်အသင်း များဖြင့်သာ ပြိုင်ပွဲကျင်းပလေ့ရှိပြီး ယခု နှစ်တွင် မာရမ်းရွာလှေလှော်အသင်းက ဝင်ပြိုင်လိုသည်ဟု ချိတ်ဆက်လာသဖြင့် ပါဝင်ခွင့်ပြုလိုက်ကြောင်း ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

“တခြားမြို့နယ်တွေကို မဖိတ် ခေါ်ပါဘူး၊ မာရမ်းအသင်းက ဝင်ပြိုင်ချင်တယ်ဆိုလို့ ဖိတ်ခေါ်လိုက်တာပါ”ဟု ရေဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

မာရမ်းရွာသားများ အတွေ့အကြုံ သစ်ရစေရန် ယခုပွဲကို ဝင်ပြိုင်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပြိုင်လှေကိုလည်း ရွာမှ သယ်လာ၍ ထားဝယ်မြစ်အတွင်း ကြိုတင်လာရောက်လေ့ကျင့်ကြမည်ဖြစ် ကြောင်း မာရမ်းလှေလှော်အသင်းခေါင်းဆောင် ဒေါက်တာဘိုဘိုမင်းက ပြောသည်။

ရေဖြူမြို့နယ်လှေလှော်ပြိုင်ပွဲမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် အလွတ်တန်း ၇ တက်လှော်၊ ၉ တက် လှော်၊ ၁၁ တက်လှော်ပြိုင်ပွဲ၊ ၂၅ နှစ် အောက် ၇ တက်လှော်ပြိုင်ပွဲနှင့် အမျိုး သမီးလှေလှော်ပြိုင်ပွဲတို့ကို ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပမည် ဖြစ်သည်။

Dawei Watch