ဒီဇင်ဘာရုံးပိတ်ရက် ဟိုတယ်၊ တည်းခိုခန်း ကြိုတင်ငှားရမ်းမှု ကျဆင်း၊ အခန်းဈေးများ လျှော့ချ

0
603

ထားဝယ်တွင် ဒီဇင်ဘာရုံးပိတ်ရက် အတွက် ဟိုတယ်နှင့်တည်းခိုခန်း ကြိုတင် ငှားရမ်းမှု ကျဆင်းနေသဖြင့် အခန်းခများ လျှော့ချထားရကြောင်း ဟိုတယ်နှင့် တည်းခိုရိပ်သာအချို့မှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာရုံးပိတ်ရက်တွင် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှု ပြည့်ခဲ့ပြီး ယခုနှစ်တွင် ကြိုတင်လက်မှတ် ဝယ်ယူထားရှိမှု ၇၀ ရာခိုင်နှုန်းခန့်သာရှိ သည်ဟု ရွှေမောင်းသံဟိုတယ် မှ မန်နေဂျာ ကိုအောင်ချမ်းသာက ပြော သည်။

ယခုနှစ်တွင် ဧည့်သည်နည်းပါးပြီး ဟိုတယ်နှင့် တည်းခိုခန်းများလာသဖြင့် သီတင်းကျွတ်လခန့်မှစတင်ကာ အခန်းခကို လျော့ချထားရသည်ဟု ၎င်းက ပြောသည်။

“အခုဈေးနည်းနည်း ပြန်လျှော့တော့ ဧည့်သည်အခြေအနေက မဆိုးဘူး ပြန်ဖြစ်သွားတာပေါ့”ဟု ကိုအောင်ချမ်းသာက ပြောသည်။

အခန်းခဈေးများလည်း လျော့ချထားသဖြင့် ဒီဇင်ဘာရုံးပိတ်ရက် ၂၅၊ ၂၆ ရက်များတွင် အခန်းများ ပြည့်သွား နိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။

ယခုနှစ် ဒီဇင်ဘာရုံးပိတ်ရက်အတွက် ဘိုကင်ရရှိမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ပြီးခဲ့သည့်နှစ်က ၈၀ ရာခိုင်နှုန်းခန့်ရှိသည် ဟု GARDEN HOTEL မှ တာဝန်ခံ ကိုမျိုးဇော်ဝင်းက ပြောသည်။

“မနှစ်တုန်းကနဲ့ ဘာမှမဆိုင်ဘူး၊ တန်ဆောင်တိုင်နဲ့ သီတင်းကျွတ်မှာလည်း ကျတာပဲ၊ ဟိုတယ်တွေလည်းများလာတယ်၊ GUEST HOUSE တွေလည်း များလာတယ်၊ အဲဒါတွေလည်း အကျိုး သက်ရောက်မှု ရှိတယ်၊ နောက်ပြီး ဧည့်သည်တွေလည်း ဆင်းကိုမဆင်းဘူး၊ ဘာဖြစ်လို့မှန်းတော့ မသိဘူးပေါ့” ကိုမျိုးဇော်ဝင်းက ဆိုသည်။

ဟိုတယ်နှင့် တည်းခိုခန်းခများကို ယခုနှစ်ပွင့်လင်းရာသီမှသာ ဈေးလျော့ချ ခဲ့ခြင်းဖြစ်ပြီး အချို့သာ ပုံမှန်ဈေးနှုန်း အတိုင်း ငှားရမ်းနေသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့အထိ မေးမြန်း ချက်အရ ဟိုတယ်နှင့် တည်းခိုခန်းအချို့ တွင် ဘိုကင်ရရှိမှု နည်းနေသေးသော် လည်း ၂၅ ရက်နှင့် ၂၆ ရက်များတွင် ပြည့်သွားနိုင်ခြေရှိသည်ဟု ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလုပ်ကိုင်သူ အချို့က ခန့်မှန်းထားကြသည်။

ထားဝယ်ခရိုင်တွင် ရှင်ကိုးရှင် ဘုရားဖူးဧည့်သည်များ လာရောက်လည် ပတ်ကြပြီး နိုင်ငံခြားသားခရီးသွားဧည့် သည်ထက် ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုများကြောင်း ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။

ထားဝယ်ခရိုင်တွင် ဟိုတယ် ၁၁ ခု နှင့် တည်းခိုရိပ်သာ ၅ ခုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရ သည်။

မိုးမြင့်