တပ်မတော်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို JMC-U မှတစ်ဆင့် ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော

0
467

မွန်ပြည်သစ်ပါတီနှင့် တပ်မတော် အကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U မှတစ်ဆင့် ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းခန့်က ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေ တွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီအခြေ စိုက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြ ပြီး အဆိုပါ မွန်ပြည်သစ်ပါတီတပ်စခန်း နေရာကို တပ်မတော်၊ BGF ပူးပေါင်း အဖွဲ့တို့က ဒီဇင်ဘာ ၄ ရက်ထိ ဝင်ရောက် နေရာယူထားခဲ့သည်။

တပ်စခန်းနေရာတွင် တပ်မတော်မှ ဝင်ရောက်နေရာယူထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂ ရက်က မွန် ပြည်သစ်ပါတီနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ သော်လည်း တစ်စုံတစ်ရာ သဘောတူညီမှု မရရှိခဲ့ပေ။

“ကျွန်တော်တို့ ကိုယ်၌ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲ ဝင်ဝင်ပါဝင်ပြီး NCA လမ်းကြောင်းအတိုင်း လက်တွေ့အကောင်အထည် ဖော်နေတာပေါ့။ အဲဒါကြောင့် အခု ပဋိပက္ခ ဖြစ်တဲ့ဖြစ်စဉ်မှာလည်း ကျွန်တော်တို့ တွေ့ဆုံဖြေရှင်းတဲ့နည်းနဲ့ပဲ ဖြေရှင်းမှာပါ၊ နောက် JMC ကိုလည်း ဖြေရှင်းပေးဖို့ အဆိုတင်ရမှာပေါ့လေ။ တပ်နဲ့တွေ့ဆုံ စဉ်ကလည်း ပြောထားပါတယ်။ အခုဖြစ်တဲ့ ပဋိပက္ခကို JMC ကနေတစ်ဆင့် ဖြေရှင်းသွားကြမယ်ဆိုတဲ့အကြောင်းကို”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေး တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ဂျပန်ရေတွင်းတပ်စခန်းနေရာ သည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရသော်လည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့သည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေးသဘောတူစာချုပ် NCA အရသော် လည်းကောင်း မွန်ပြည်သစ်တပ်တည်နေရာ အဖြစ် အတည်ပြုသတ်မှတ်ထားသည်ဟု ၎င်းက ပြောသည်။

ထိုမွန်ပြည်သစ်ပါတီ တပ်တည်နေရာ စခန်းသို့ ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ် ကို စစ်ဆေးရန်ဟုဆိုကာ တပ်မတော်နှင့် BGF စစ်ကြောင်းတို့က ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတို့က ပြောသည်။

တပ်မတော်၏လုပ်ရပ်သည် NCA စာချုပ် အခန်း (၃) အပိုဒ် ၈ (ခ) ပါ တစ်ဘက်အဖွဲ့အစည်းက ထိန်းချုပ်ထား သည့် နယ်မြေအတွင်း လက်နက်ဖြင့် သွားလာရန် လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့် သွားလာရန် ဆိုသည့်အချက်ကို ချိုးဖောက်ရာရောက် နေသည်ဟု နိုင်ဝင်းလှက ပြောသည်။

“အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ သဘောတူ ညီမှုမရခင်မှာ (တပ်မတော်) မစောင့်နိုင် ဘဲ ဝင်သွားလို့ ပစ်ခတ်မှုဖြစ်ကြတာ ဖြစ်တယ်။ အဲဒီအချက်ကို ထောက်ရင် ကျွန်တော်တို့ နှစ်ဖက်သဘောတူညီမှုရ ပြီးမှ သွားဖို့လာဖို့ မရခင်မှာ ဒီလို ဝင်သွားတော့ NCA စာချုပ်ပါအချက်ကို ချိုးဖောက်ရာရောက်ပါတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့်နှင့် မွန်ပြည်သစ်ပါတီ တပ်စခန်း တည်နေရာ ကျေးရွာအတွင်း တပ်မတော်နှင့် BGF တပ်သားတို့ ဝင်ရောက်တပ်စွဲထားသည့်အတွက် ဂျပန် ရေတွင်းကျေးရွာအပါအဝင် အနီးပတ်ဝန်း ကျင်ရှိ ကြံတောရွာ၊ တပ်ရင်း (၃) ရွာတို့ မှ ဒေသခံ ၈၀၀ ကျော် ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထိုင်းအာဏာပိုင်တို့က အစားအသောက် နှင့် ကျန်းမာရေးစောင့်ရှောက် မှုများ ကူညီထောက်ပံ့ပေးထားသည်။

Dawei Watch