စိုက်ပျိုးရေးကို အခြေခံခြင်း

0
650

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည်။ မြန်မာနိုင်ငံရှိ လူဦးရေ အများစုမှာ စိုက်ပျိုးရေးကို အမှီပြုသည်ဟူသော မူဝါဒရေးရာ ဆောင်ပုဒ်များ မကြာခဏ ကြားရလေ့ရှိသည်။

သို့သော် ယခုရာသီတွင် စပါးဈေးများ ထိုးကျနေသည်။ အခြားတစ်ဖက် တွင်လည်း ထိုင်းနိုင်ငံမှ ဟင်းသီးဟင်းရွက်များ နေ့စဉ် ဒလဟောဝင်နေသည်။ နောက်ဆုံး ထားဝယ်မြို့ပေါ်တွင် ထိုင်းနိုင်ငံမှ မြေဆွေးပင် ဝယ်နိုင်နေပေပြီ။

ယင်းအပြင် လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ စီးပွားရေးမူဝါဒ ၁၂ ချက်အနက် အချက်အမှတ် ၅ တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အားပေးမြှင့်တင် မည်ဟုဆိုထားသည်။

အဓိကရည်ရွယ်ချက်မှာ အားလုံးအတူတကွ ပါဝင်ခံစားနိုင် သော တိုးတက်မှု ရရှိရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပို့ကုန်မြှင့်ရေးနှင့် လူနေမှုစနစ် မြင့်တက်လာရေးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအပြင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအနေနှင့်လည်း ထားဝယ်ခရိုင်တွင် ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး ကို အဓိက အားပေးမြှင့်တင်မည်ဟု ဆိုထားသည်။

ပြည်ထောင်စုအစိုးရအပြင် တနင်္သာရီတိုင်းဒေသကြီး အစိုးရကပါ စိုက်ပျိုးရေး ကို အားပေးမြှင့်တင်နေသည်ဆိုသော အနေအထားတွင် ထိုင်းနိုင်ငံမှ စိုက်ပျိုးရေး ထုတ်ကုန်များ၊ ဟင်းသီးဟင်းရွက်များ နေ့စဉ်ဝင်ရောက်နေပြီး ပြည်တွင်းဈေးကွက် ကို ဝင်ရောက်စိုးမိုးနေခြင်းမှာ ဖြစ်သင့်ပါ၏လောဟု မေးခွန်းထုတ်ဖွယ်ရာပင်ဖြစ် သည်။

ရာသီဥတုက ပျက်လာသည့်အပြင် နည်းပညာ နိမ့်ပါးမှု၊ ဈေးကွက် လက်လှမ်း မမီမှု၊ စီးပွားရေး လုပ်ကိုင်နိုင်သော အခြေခံ အဆောက်အဦ မလုံလောက်မှုတို့က စိုက်ပျိုးရေး အခြေပြု လုပ်ကိုင်သူများကို ပိုဒုက္ခတွေ့စေသည်။

ထိုကြောင့် အရေးအရာ ကိစ္စများပြားလှစွာသော မြန်မာနိုင်ငံ၏ အခြားအရေး ကိစ္စများနည်းတူ ခေတ်မီ စိုက်ပျိုးရေးကို မည်သို့ အားပေးလုပ်ကိုင်မည်နည်း ဟူသော မေးခွန်းမှာ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့အတွက် မေးခွန်းပင်ဖြစ်သည်။

အယ်ဒီတာ (နိုဝင်ဘာ ၂၄၊ ၂၀၁၉)