ထားဝယ်ခရိုင် ကျေးရွာ တစ်ဆယ့်ခြောက်ရွာတွင် ပျားမွေးမည်

0
680

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် နှင့် မေတ္တာမြို့ရှိ ကျေးရွာ ၁၆ ရွာ တွင် တစ်နိုင်တစ်ပိုင် ပျားမွေးမြူရေး လုပ်ငန်း စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း ထားဝယ်သုတေသနအသင်း ဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

သရက်ချောင်းမြို့နယ် ကညင်ချောင်း ကျေးရွာနှင့် ကျောက်ဆည်ကျေးရွာများ တွင် ပြီးခဲ့သည့် အပတ်မှစ၍ ပျားမွေး မြူရေးလုပ်ငန်း စတင်လုပ်ကိုင်နေပြီး မေတ္တာမြို့၊ သပြုချောင်း၊ မြေးခံဘော်၊ ပျဉ်းသားတော၊ ကျေးသားအင်း၊ ညောင်တုန်း၊ ကမိတ် စသည့် ကျေးရွာများတွင် ဒီဇင်ဘာလခန့်၌ ပျားမွေးမြူရေးလုပ်ငန်း စတင်နိုင်မည်ဖြစ်ကြောင်း ဦးဇော်သူရက ပြောသည်။

“နောက်လလောက်ထဲမှာ ပျားမွေး ဖြစ်မယ်။ အနည်းဆုံး ပျားပုံးနှစ်ဆယ်သုံး ဆယ်တော့ ရှိလိမ့်မယ်”ဟု ဦးဇော်သူရက ဆိုသည်။

အလျား ၂ ပေခွဲ အနံ ၁၈ လက်မခန့် ရှိ မွေးမြူရေးပျားတစ်ပုံးလျှင် ငွေကျပ် တစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရ သည်။

ယခင်က တောတောင်များပေါသဖြင့် သဘာ၀ပျားရည်အထွက်များသော်လည်း ယခုမူ တောတောင်များနည်းပါးခြင်း၊ ပျားဖွတ်ရာတွင် ပျားတစ်အိမ်လုံး အပြင် ပျားသားလေးများအားလုံးကိုပါ ယူပစ် လိုက်သဖြင့် ပျားကောင်လေးများ ရှားပါးလာကာ သဘာ၀ပျားရည်လည်း ရှားပါးလာသည်ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် ပျားရည်တစ်ပုလင်း ကျပ် ၁၅၀၀၀ ခန့်ရှိသော်လည်း ပျားရည် အစစ်ရရန်မှာ ခက်ခဲကြောင်း ၎င်းက ပြောသည်။

ဒေသဝင်ငွေတိုးရန်အတွက် တစ်နိုင် တစ်ပိုင် ပျားမွေးမြူရေးလုပ်ငန်းများကို လူထုစိတ်ဝင်စားပါက နောက်ထပ်သင် တန်းများပေးကာ တိုးချဲ့မွေးမြူသွား မည်ဖြစ်ကြောင်း လူထုအခြေပြု ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး ဦးကဲဒိုက ပြောသည်။

“အဓိကတော့ ဒေသတွင်းမှာ လွယ် လွယ်နဲ့လုပ်လို့ရတဲ့ မွေးမြူရေးမျိုးပေါ့။ မိသားစုလည်း လုပ်နိုင်တယ်။ ကိုယ့်မိသားစုလည်း အသုံးပြုရတယ်။ တစ်နည်းအား ဖြင့်လည်း အပိုဝင်ငွေတစ်ခုလည်း ရအောင်ဆိုတဲ့ ရည်ရွယ်ချက်လုပ်ဖြစ်တာပေါ့”ဟု ဦးကဲဒိုက ဆိုသည်။

ပျားမွေးမြူရေးလုပ်ငန်း ပြုလုပ်ရန် အတွက် လူထုအခြေပြုရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ထားဝယ် သုတေသန အသင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဦးစီးဌာန လက်အောက်ရှိ ပျားမွေးမြူရေးဦးစီး ဌာန နှင့် (WCS) သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်းကာ ပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာ ၁၃ ရက်က ပျားမွေးမြူ ရေးသင်တန်းပေးခဲ့သည်။

မိုးမြင့်