ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်း ပြုပြင်ချဲ့ထွင်ရန် ခြံစိုက်တောင်သူများနှင့် ညှိနှိုင်းမည်

0
735

လောင်းလုံးမြို့နယ်အတွင်းရှိ ဖိုးဖိုး ကျောက်ကမ်းခြေအဝင်လမ်းကို ပြုပြင် ချဲ့ထွင်နိုင်ရန် လမ်းဘေးဝဲယာရှိ ခြံစိုက် တောင်သူများနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။

ဖိုးဖိုးကျောက်ကမ်းခြေသွားရာ လမ်းရှိ ညောပြင်ကျေးရွာအထွက်မှ ကမ်းခြေအထိကို အကျယ် ၄၀ ပေရှိ လမ်းချဲ့ရန် တိုင်းအစိုးရက စီစဉ်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အကျယ်ပေ ၄၀ မပြည့်ပေ။

လမ်းအကျယ် ပေ ၄၀ ချဲ့နိုင်ရန် လမ်းဘေးဝဲယာရှိ ဥယျာဉ်ခြံစိုက်တောင်သူ များနှင့် ညှိနှိုင်းရန် ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူးကို ညွှန်ကြားထားကြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခြံစိုက် တောင်သူများ ညှိနှိုင်းမှုအဆင်မပြေပါက ၎င်းကိုယ်တိုင် ကွင်းဆင်းညှိနှိုင်းမည်ဖြစ် ပြီး လမ်းဘေးဝဲယာရှိ ဥယျာဉ်ခြံများမှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စာရင်း ပေါက်ကြောင်း ဦးမြင့်စန်းက ဆိုသည်။

အဆိုပါလမ်းပိုင်းကို ချဲ့ပြီးပါက ညောပြင်ရွာအတွင်းရှိ ကွန်ကရစ်လမ်းကို ကမ်းခြေအသွားလမ်းအဖြစ် သတ်မှတ် မည်ဖြစ်ပြီး ရွာဘေးရှိ(ကမ်းခြေဘက်)ကို အပြန်လမ်းအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်စန်းက ဆို သည်။

“ကားနှစ်စီးလွှဲလို့မရဘူးလေကွယ်။ အန္တရာယ်ရှိတယ်။ ရွာထဲမှာက အဝင်လမ်း အထွက်လမ်း။ ရွာအပြင်ရောက်ရင် တစ် လမ်းတည်းပေါ့”ဟု ဦးမြင့်စန်းက ပြောသည်။

လမ်းချဲ့ရန် မြေယာကိစ္စညှိနှိုင်းမှု အဆင်ပြေပါက လမ်းခင်းရန်အတွက် ဘဏ္ဍာငွေတောင်းခံရန် အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဦးအောင်သူရက ဆိုသည်။

“မြေနေရာ clear (အရှုပ်အရှင်း)ဖြစ်ရင် ကျွန်တော်တို့ဘက်က လုပ်ပေးဖို့ အဆင်သင့်ပဲ”ဟု ဦးအောင်သူရက ပြောသည်။

လက်ရှိတွင် လမ်းခင်းမည့်အနေ အထားအပေါ် မူတည်ပြီး ကုန်ကျငွေကို တွက်ချက်ထားပြီးဖြစ်ကာ အစိုးရအဖွဲ့က ခွင့်ပြုသည့်ရန်ပုံငွေအပေါ်မူ တည်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

လက်ရှိတွင် မိုးရာသီအတွင်းက ရေတိုက်စားမှုကြောင့် ဆိုးရွားစွာ ပျက်စီးနေသည့် အဆိုပါလမ်းပိုင်းကို ဒေသခံအချို့၏ လှူဒါန်းငွေဖြင့် ယာယီပြင်ဆင် ထားကြောင်း ညောပြင်ကျေးရွာနေသူ အချို့ထံမှ သိရသည်။

ဖိုးဖိုးကျောက်ကမ်းခြေမှာ သဲဖြူ ဖွေးပြီး ရေသန့်ရှင်းကြည်လင်သည့် အတွက် နာမည်ကြီးလာသည့် ကမ်းခြေ တစ်ခုဖြစ်ပြီး နိုင်ငံအနှံ့မှ ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ ရှိ သည်။

ကိုဇော်