အသက်ကယ်အင်္ကျီမလို၊ လုပ်ကိုင်စားသောက်ရန်နေရာသာလိုဟု ဆလုံလူမျိုးများပြော

0
1271

ပင်လယ်ပျော် ဆလုံလူမျိုးများ အတွက် အသက်ကယ်အင်္ကျီသည် အသုံးမဝင်ဘဲ အလုပ်လုပ်စားရန် နေရာသာလိုဟု ဘုတ်ပြင်းမြို့နယ်၊ လငန်းကျွန်းရှိ ဆလုံတိုင်းရင်းသားများက ပြောသည်။

ယခုနှစ် စက်တင်ဘာလတွင်းက တိုင်းအစိုးရအဖွဲ့မှ လငန်းကျေးရွာရှိ ဆလုံလူမျိုးများအား အသက်ကယ်အင်္ကျီ တချို့ လာရောက်ပေးအပ်ခဲ့သည့်အပေါ် ဒေသခံများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အသက်ကယ်အင်္ကျီများဝတ်ပြီး ရေကူးရေငုပ်ရန် အဆင်မပြေကြောင်း ၎င်းတို့က ဆိုသည်။

“တို့လိုတာ ဒါမဟုတ်။ အလုပ်လုပ် စားဖို့ ကင်းမွန်မျှားဖို့ နေရာပဲလိုတာ”ဟု အသက် ၃၅ နှစ်ခန့်ရှိ ဆလုံအမျိုးသား ချီလဲ့က ပြောသည်။

မြန်မာတာဆာကီပုလဲမွေးမြူရေးကုမ္ပဏီသည် ယခင်ကျွန်းစုမြို့နယ် ဒိုမယ်ကျွန်းတွင် လုပ်ကိုင်နေရာမှ ယခုအခါ ဘုတ်ပြင်းမြို့နယ် လငန်းကျေးရွာ အနီးသို့ လုပ်ငန်းတိုးချဲ့လာမှုကြောင့် ဒေသခံများ ရှာဖွေစားသောက်ရန် နေရာကျဉ်းလာသည့်အပေါ် ၎င်းတို့က လုပ်ကိုင် စားသောက်ရန် ယင်းနေရာအား ပြန်လို ချင်ကြောင်း ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းအစိုးရမှ ကင်းမွန်မျှားသည့် လှေငယ် ၃၄ စီး၊ အသက်ကယ်အင်္ကျီ ၅၁ ထည်၊ ရေငုပ်မျက်မှန် ၅၃ ခု၊ ကင်းမွန်ငါးမျှားချိတ်များနှင့် မိုးကာ အင်္ကျီများလာရောက်ပေးအပ်ထားသော်လည်း အသက်ကယ်အင်္ကျီနှင့် ရေငုပ် မျက်မှန်များကို ဆလုံလူမျိုးများအသုံးမပြုကြကြောင်း လငန်းကျေးရွာတာဝန်ခံ ဦးသိန်းဇံက ပြောသည်။

ဆလုံသားစဉ်မြေးဆက် ရေရှည်တည်တံ့ရန် လုပ်စားသည့်နေရာက အဓိကကျသည်ဟု ၎င်းက ဆိုသည်။

“သူတို့ပေးတဲ့မျက်မှန် သုံးမရ။ တို့မှာမျက်မှန်ရှိ တို့မလို။ တို့လိုတာ လုပ်စားကိုင်စားဖို့နေရာပဲ”ဟု လငန်းဒေသခံ ဒေါ်မော်ငှားက ပြောသည်။

ဆလုံလူမျိုးများ လုပ်ကိုင်စား သောက်ရန်အတွက် လှေများ ထောက်ပံ့ ပေးရာတွင် လှေများထောက်ပံ့ပါက အသက်ကယ်အင်္ကျီပါ ပူးတွဲထောက်ပံ့ရ သည့် အစိုးရ၏ လုပ်ထုံးလုပ်နည်းအတိုင်း ထောက်ပံ့ခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ကြီး စောလုကာက တနင်္သာရီအပတ်စဉ်သို့ ပြောဆိုခဲ့ဖူးသည်။

ကိုဆန်း