ဦးအောင်စိုးကို တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲ သတ်မှတ်

0
1141

သရက်ချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး ကို တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

ဦးအောင်စိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပါတီဝင် မဟုတ်တော့ကြောင်း ၎င်းပါတီမှ အကြောင်းကြားတင်ပြချက်အရလည်းကောင်း၊ ကော်မရှင်၏ အစည်းအဝေး ဆုံးဖြတ်ချက် အရလည်းကောင်း ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းသို့ ပြောင်းလဲသတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာချက်ကို နိုဝင်ဘာလ ၈ ရက်နေ့ထုတ် အတွဲ ၇၊ အမှတ် ၄၅ မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြသည်။

ဦးအောင်စိုးသည် လက်ရှိ အာဏာရပါတီ (NLD)မှ နုတ်ထွက်ထားသူဖြစ်ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တနင်္သာရီတိုင်းဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၎င်းအပြင် ငြိမ်းချမ်းရေးကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ယင်းကော်မရှင်ကို ယခုလအတွင်း ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်လာခဲ့ ခြင်းမရှိတော့ပေ။

အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်သည် ဦးအောင်စိုး၏ ခယ်မတော်စပ်သူလည်း ဖြစ်သည်။

Dawei Watch