တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး မဟာဗျူဟာရေးဆွဲမည်

0
437

တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ချိန်တွင် ပိုမိုလွယ်ကူ မြန်ဆန်စေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေး မဟာဗျူဟာရေးဆွဲမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မဟာဗျူဟာရေးဆွဲမည့် အဖွဲ့ကို စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ဌာနများနှင် တိုင်းကုန်သည် စက်မှုအသင်းတို့မှ စုစုပေါင်းအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားကြောင်း အထက်ပါဌာနထံမှ သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၈ရက်နှင့် ၁၉ ရက်တို့တွင် အထက်ပါအဖွဲ့အပြင် အရပ်ဘက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ် ၃၀ ဦးခန့် ပါဝင်မည့် ဆွေးနွေးပွဲတစ်ခုပြုလုပ်မည်ဖြစ်ကြောင်းDICA ဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာထွန်းထွန်းက ဆိုသည်။

“အမြင်အမျိုးမျိုးရှိရင်လည်း တူညီတဲ့ဟာကို ဘုံအဖြစ်ထားပြီး အားသာချက် အားနည်းချက်ခွဲခြားပြီး ရေးဆွဲဖို့ အစီအစဉ်ပေါ့”ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ဆောင်ရာတွင် ဥပမာအနေဖြင့် ဌာနဆိုင်ရာများ၏ မည်သည့်လုပ်ထုံးလုပ်နည်းများ က ကြန့်ကြာနေသည်၊ မည်ကဲ့ကို့ ဖြေလျှော့သင့်သည် အစရှိသည့်အချက်များကိုလည်း ဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်း အပြီးရေးဆွဲမည်ဖြစ်ပြီး ရေးဆွဲပြီးပါက ပြည်သူထံဖြန့်ဝေမည်ဖြစ်ကြောင်း ဒေါက်တာထွန်းထွန်းက ပြောသည်။

မဟာဗျူဟာရေးဆွဲပြီးပါက တိုင်းဒေသကြီးစီးပွားရေးနှင့် ပတ်သက်၍ ရည်မှန်းချက်များ၊ ပန်းတိုင်များရှိလာမည် ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ အချိန်တိုအတွင်း ပိုမို ဝင်ရောက်လာနိုင်ကြောင်း တနင်္သာရီတိုင်း ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က မှတ်ချက်ပြုသည်။

“အကောင်အထည်ဖော်ဖို့ကျတော့ ဟန်ချက်ညီဖို့တော့ လိုတာပေါ့။ ဌာနဆိုင်ရာနဲ့ စီးပွားရေးသမားတွေ ဟန်ချက်ညီဖို့ လိုတယ်လို့မြင်တယ်”ဟု ဦးရဲထွဋ်နိုင်က ပြောသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရေး မဟာဗျူဟာကို အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေးစင်တာ (ITC) ၏ ပံ့ပိုးမှုဖြင့် ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်ဒေါ်လာ ၅ သန်း(သို့မဟုတ်) ငွေကျပ်သန်းပေါင်း ၆၀၀၀ အထိ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများလုပ်ကိုင် ခွင့်ပြုနိုင် (အတည်ပြုမိန့်)သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (ITC)ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လကဖွဲ့စည်းထားသည်။

၂၀၁၉ ခုနှစ် သြဂုတ်လအထိ ITC က အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် လုပ်ငန်း ၂၄ ခုရှိပြီဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ်သန်း ပေါင်း ၃၅၀၀၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ၃ သန်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ စာရင်းအရ သိရသည်။

ကိုဇော်