သူခိုးကြီးည

0
3141

လသာသည့်ညတို့က လရောင် အောက်ရှိ လူငယ်တို့ကို စိတ်ကြည်နူးစေ၊ စိတ်ရွှင်ပြစေ၊ စိတ်ကစားစေပါသည်။

“တန်ဆောင်မုန်းလပြည့်ည”ကဲ့သို့ သော ပွဲတော်ည၊ ကြယ်စုံလင်းလက်သည့် ညတွင် လူငယ်တို့ ရင်ခုန်စိတ်ကစားစေ တတ်သည်ကို လူငယ်ဘ၀ ဖြတ်သန်းဖူးသူတိုင်း သိကြပါသည်။

ထိုညတွင် လူငယ်သဘာ၀ လမ်းထွက် ကြလျှင်လည်း လူကြီးမိဘတို့က မပြောသာပါ။

“လပြည့်ညဦးမှာ ဆော်(ရည်းစား)နဲ့ ဘုရားသွားမယ်။ ပြီးရင် သူငယ်ချင်း တွေစုပြီး ဂီတာတီးမယ်”ဟု လောင်းလုံး မြို့နယ် သာယာကုန်းရွာမှ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကတော့ သူ၏ လပြည့်ည အစီအစဉ်ကို ပြောပါသည်။

“ဂီတာတီးပြီးရင်ရော” ဟု ထိုလူငယ်ကို ထပ်မေးရာ ထိုလူငယ်က ရယ်မောကာ အောက်ပါအတိုင်း ဖြေပါသည်။

“သူခိုးကြီးညလေဗျာ…”

ယခင်နှစ်များက သူတို့လူငယ်တစ်စု ရွာထဲတွင် စားစရာများ လိုက်ခိုးကာ စုစားကြသည်။

“သူခိုကြီးညဆိုတော့ ကြက်ခိုးစားတယ်။ ပစ္စည်းတွေ လျှောက်ခိုးတာပေါ့ဗျာ။ ပျော်ပျော်ပါးပါးပေါ့။ တန်ဖိုးကြီးတဲ့ ပစ္စည်း မဟုတ်ဘဲနဲ့ အပျော်သဘောနဲ့ လိုက်ခိုးစားတာပါ”ဟု ၎င်းလူငယ်က ဆိုသည်။

အိမ်နှင့် ဆိုင်များတွင် ကပ်ထားသည့် ဆိုင်းဘုတ်များကို ဖြုတ်ကြကာ ဟိုအိမ်က ဆိုင်းဘုတ် ဒီဆိုင်ကပ်၊ ဒီဆိုင်က ဆိုင်းဘုတ် တစ်ခြားအိမ်မှာ သွားတပ်၊ ဟိုအိမ်က တွန်းလှည်း၊ ပန်းအိုး ဒီဘက်အိမ်ရွှေ့ စသဖြင့် ညလုံးပေါက် ပြုလုပ်ခဲ့ ကြသည်။

ထိုလူငယ်တစ်စုတို့ကဲ့သို့ပင် တန်ဆောင် မုန်းလပြည့်ညကို “သူခိုးကြီးများည”ဟု သတ်မှတ်ကာ အသီးအရွက်၊ ကြက်တို့ ခိုးချက်စားကြ၊ ပစ္စည်းတွေ ဟိုရွှေ့ဒီရွှေ့ လုပ်ကြသည်က တနင်္သာရီတိုင်းအပါအဝင် မြန်မာပြည်၏ နေရာအတော်များများပင် ဖြစ်ပါသည်။

တချို့အိမ်တို့အကြောင်းဓာတ်သိ ကာလသားကာလသားတို့က ရပ်ရွာထဲ မတည့်သည့်၊ ရန်ဖြစ်ထားသည့် အိမ်နှစ် အိမ်မှ ပစ္စည်းကို လဲလှယ်ထားလိုက်ပြီး မနက်ဖန်တွင် ထိုအိမ်ရှေ့ သွားစောင့်ကြည့် ကြသည်။

မြိတ်မြို့ မြို့သစ်ရပ်နေ အသက် ၄၅ နှစ်ရှိ မမိုးမိုးက ၎င်း၏အတွေ့အကြုံ အရ သူခိုးကြီးညအလွန်တွင် ထိုရန်ဖြစ် ထားသည့်အိမ်နှစ်အိမ် ပြန်တည့်သွား တတ်ကြောင်း ပြောသည်။

“စကားမပြောကြဘဲ နေလာတဲ့ အိမ်တွေတောင် တစ်ချို့စကားတွေ ပြန်ပြော၊ ပြန်ပြီးရင်းနှီးမှုတွေ ပြန်ရလာကြတယ်။ စိတ်တိုစရာကောင်းသလိုပျော် စရာလည်း ကောင်းတယ်”ဟု မမိုးမိုးက ပြောသည်။

တချို့ အစသန်သည့် ကာလသားတို့က စက်ဘီး၊ ဆိုင်ကယ်တို့ကိုပင် နေရာရွှေ့ ထားတတ်ရာ အစခံရသူတို့မှာ မျက်ကလဲ ဆန်ပျာ ဖြစ်သွားကြရတော့သည်။

မြိတ်မြို့၊ ပန်စရာရပ်နေ အသက် ၄၈ နှစ်ရှိ ကားဘော်ဒီဆရာ ဦးခင်မောင်ဦး၏ မိတ်ဆွေသုံးဘီးကားသည်လည်း သူခိုးကြီး ညက ပျောက်သွားသဖြင့် တစ်နေကုန် လိုက်ရှာမှ ပြန်တွေ့ရပြီး ကားအား ဖျက်ဆီးထားခြင်းမရှိသလို ပစ္စည်းများ လည်း အပျောက်အရှမရှိ ပြန်တွေ့ရကြောင်း ၎င်းက ပြန်ပြောင်းပြောပြသည်။

“ကားပျောက်သမားက တငိုငို တရီရီ ဖြစ်နေပြီ”ဟု ၎င်းက ပြောသည်။
ဦးခင်မောင်ဦးကိုယ်တိုင်လည်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်က သူခိုးကြီးညတွင် တစ်ခါ ခံခဲ့ရဖူးသည်။
ကာလသားတို့က ၎င်း၏ဘော်ဒီရုံထဲရှိ ကားဘော်ဒီကြီးတစ်ခုလုံးမကာ လမ်းမအလယ်တွင် ထားသွားခဲ့သည်။

မိုးလင်းခါနီးတွင် ဈေးသယ်များ၊ ဆိုက်ကားသမားများက အိမ်တွင် ဝိုင်းလာ အော်သဖြင့် ထကြည့်ရာ ကားဘော်ဒီကြီးက လမ်းလယ်မှာကန့်လန့်ဖြစ်နေပြီး လမ်းပိတ်ဆို့မှု ဖြစ်နေသည်ကို သိရကြောင်း ၎င်းက ပြောသည်။

“ငှက်ကြီးတောင် ဓားဆွဲပြီး ဒီကောင်တွေကို သွားကြိမ်းမှ ပြန်ပြီးသူ့နေရာမှာ လာထားပေးကြတယ်။ ဘော်ဒီကြီးက လူ ၁၀ ယောက်မနည်း မ ရတာ”ဟု ဦးခင်မောင်ဦးက ပြောသည်။

ဦးခင်မောင်ဦးတို့အရွယ် အသက် ၄၀ ကျော် လူလတ်ပိုင်းတို့သည်လည်း လူငယ်ဘဝက သူခိုးကြီးညတွင် ကဲခဲ့ဖူး သူတို့ ဒုနှင့်ဒေး ရှိပါသည်။

ဆိုင်းဘုတ်များ ကြိုရေးကာ အပျိုများရှိသည့် အိမ်တွင် “အပျိုရောင်းရန်ရှိသည်”ဟူသည့် ဆိုင်းဘုတ်မျိုး သွားချိတ်ကြမည်။ ၎င်းအပျိုအိမ်မှ အိမ်မှ အဖေအမေတို့က နံနက်တွင် ဆွေ့ဆွေ့ခုန်နေလျှင် တခွိခွိဖြင့် ကြိတ်ပျော်ကြမည်။

ထိုအထဲတွင် မြိတ်မြို့ ဇေယျသီရိရပ် နေ အသက် ၄၅ နှစ်ရှိ ဦးမောင်မျိုး လည်း တစ်ဦးအပါအဝင်။
“ကိုယ်တွေ လူပျိုတုန်းက တညလုံး မအိပ်ဘူး။ ညဦးဆို ဂစ်တာတီး။ ဟိုအိမ် ဒီအိမ်မုန့်တွေ လိုက်စား။ ညနက်တော့ ပစ္စည်းတွေလျှောက်ရွှေ့။ အရမ်းပျော်ဖို့ ကောင်းတာ။

ဒါပေမဲ့သူများပစ္စည်းတော့ ထိခိုက်အောင် ဘယ်တော့မှမလုပ်ဘူး”ဟု ဦးမောင်မျိုးက ပြောသည်။
ယခင်ခေတ်များကမူ ယခု သူခိုးကြီး ညဟု ခေါ်နေကြသည့် တန်ဆောင်မုန်းလ ပြည့်ညကို “ကျီးမနိုးည” ဟု ခေါ်ကြသည်။

ကျီးမနိုးပွဲဆိုသည်က ကိုယ်စွမ်းကိုယ်စ၊ ဆေးမင်အစွမ်းကို စမ်းကြသည့်ပွဲ ဖြစ်သည်။

တန်ဆောင်မုန်း လပြည့်ကျော် (၁) ရက်နေ့(လပြည့်ညသန်းခေါင်ကျော်ချိန်) သည် ကောင်းကင်တွင် နက်္ခတ်စုံပြီး ကြတ္တိကာနက္ခတ်နှင့် ယှဉ်သည့်အချိန် ဖြစ်သည်။ ထိုအချိန်တွင် ကာလသားတို့က ဆေးမင်ထိုးပြီး သိဒ္ဓိတင်ကြသည်။

အမှောင်ခန်းတွင် ကန်တော့ပွဲပေးပြီး ဆေးမင်ထိုးကြသည်။
ကြတ္တိကာနက္ခတ်က အဟန့်၊ အမှောင်တို့တွင် အကျိုးပေးသည်ဟု ယုံကြည်ကြသည်။

ထိုးလိုက်သည့် ဆေးမင်က မည်မျှ အောင်မြင်ပြီးစီး အစွမ်းထက်သည်ကို လက်တွေ့စမ်းသပ်ရသည့် ထုံးတမ်းလည်း ရှိခဲ့သည်။

ထိုကြောင့် ဆေးမင်ဝိုင်းမှ ထွက်လာပြီး မှောင်ရိပ်ခိုကာ သန်းခေါင်ဗိုလ်လုပ်ကြ၊ ရွာပတ်ခိုးရသည်။

အလွယ်တကူ ခိုးရသည်မဟုတ်ပါ။ တစ်ရွာလုံးက မအိပ်ဘဲ စောင့်နေသည့် အပြင် ထိန်ထိန်လင်းနေသည့် လပြည့်လ ရောင်အောက် ခိုးရခြင်း ဖြစ်သည်။

ဆေးမင်ဝိုင်းက ထလာသည့် ကာလသားတို့ကတော့ ဆေးအောင်လျှင် မှောင်ရိပ်ခိုလိုက်သည်နှင့် ကိုယ်ပျောက် သည်ဟု ယုံထားကြသည်။

ဤသို့ဖြင့် ခိုး၍ ရလာသည့် ပစ္စည်းများ ကို ရွာလယ်စည်းဝိုင်း(ခိုးကွင်း)ထဲ စုပုံ ထည့်ထားရသည်။ မည်သူမည်ဝါအိမ်က ခိုးလာသည့် ပစ္စည်းဖြစ်ကြောင်း ခိုးလာသည့်ပစ္စည်းပေါ် စာကပ်ထားသည်။

ခိုးနေသည်ကို လူမိသွားလျှင်ကား မကောင်းသည့် အကျင့်ဆိုးများ ဆေးကြောပစ်မည်ဟု တစ်ကိုယ်လုံးရေလောင်းကာ ဦးခေါင်းကို ကတုံး တုံးလိုက်ပြီး ရွာလယ် မဏ္ဍပ်တွင် ကြိုးဖြင့် ချည်ထားလိုက်သည်။(တစ်ချို့က ရေလောင်းသည့်အစား ပြာလူး သည်ဟု ဆိုကြသည်။)

ခိုးသူကို မမိဘဲ အခိုးခံလိုက်ရသည့် အိမ်ရှင်များကမူ ကိုယ့်ပစ္စည်းကို အခကြေး ငွေပေးကာ ပြန်ဝယ်ကြရသည်။ (အချို့က သင်္ကန်းဖြင့် လဲကြရသည်ဟု ဖော်ပြသည်)။

ခိုးရာပါပစ္စည်း ရောင်းရငွေဖြင့် သင်္ကန်း၊ ပရိက္ခရာဝယ်ယူပြီး ခေါင်းတုံး ပြီးဖြစ်နေသည့် ခိုးသားများကို ရှင်ပြု၊ ရဟန်းခံပေးကြသည်။

အထက်ပါကိစ္စများကို ကျီးငှက်တို့ မနိုးခင်အချိန်အတွင်း အပြီးအစီးလုပ် ဆောင်ကြရသဖြင့် “ကျီးမနိုးပွဲ”ဟု ခေါ်ကြသည်။

ယခုခေတ် လူငယ်ထုကြားတွင်မူ ကျီးမနိုးပွဲအစား “သူခိုးကြီးည”ကို ကျင်းပနေကြသည်။

သူခိုးကြီးည၏ မူရင်း ယခင်ခေတ် “ကျီးမနိုးပွဲ”မှာ မည်သူမှ မထိခိုက် မနစ်နာရသည့်ပွဲ ဖြစ်သည်။ ခိုးသူကိုလည်း ခွင့်လွှတ်ကြ၊ ခိုး၍ အဖမ်းခံရသူ ဒုလ္လဘ ရဟန်းဝတ်ရ၊ အခိုးခံရသူလည်း သင်္ကန်း လှူရသဖြင့် ကုသိုလ်ရကြကာ ချစ်စရာ၊ ကြည်နူးစရာကောင်းသည့် ထုံးတမ်းပွဲတော် တစ်ခုအဖြစ် ရှုမြင်ကြသည်။

ယခုခေတ်တွင်ကား လူငယ်အချို့က သူခိုးကြီးညတွင် ကြက်ခိုးချက်ကြ၊ ပစ္စည်းများ ရွှေ့ကြသည့်အပြင် တစ်ချို့က တမင်ပင် ပစ္စည်းများ ဖျက်စီးကြသည်တို့ ရှိလာသဖြင့် ချစ်စရာ ရိုးရာမှ အပျက် ဘက်သို့ ဦးတည်လာမည်ကို စိုးရိမ်သူတို့ ပိုများလာသည်။

မည်သို့ဆိုစေ တန်ဆောင်မုန်းလ ပြည်ကျော် တစ်ရက်နေ့ နံနက်တွင်မူ ပစ္စည်းပျောက်၍၊ ဆိုင်းဘုတ်အချိတ်ခံရ၍ ဆွေ့ဆွေ့ခုန်နေသူတို့ တွေ့ရပါဦးမည်။

လောင်းလုံးမြို့နယ် သာယာကုန်း ရွာမှ လူငယ်လေးသည်လည်း သူခိုးကြီး ညတွင် လှုပ်ရှားရန် အသင့်ဖြစ်နေပြီ။

လောင်းလုံးမြို့နယ် သာယာကုန်း ရွာမှ လူငယ်လေးသည်လည်း သူခိုးကြီး ညတွင် လှုပ်ရှားရန် အသင့်ဖြစ်နေပြီ။

လောင်းလုံးမြို့နယ် သာယာကုန်း ရွာမှ လူငယ်လေးသည်လည်း သူခိုးကြီး ညတွင် လှုပ်ရှားရန် အသင့်ဖြစ်နေပြီ။

“နံနက်စောစော ဗျစ်တောက်ဗျစ်တောက်နဲ့ သူတို့ပစ္စည်း သူတို့လိုက်ရှာနေ လိမ့်မယ်။ အဲလိုလိုက်ရှာတာ ကြည့်ကြည့် ပြီး စိတ်လှုပ်ရှားပြီး ပျော်တယ်”ဟု ၎င်းလူငယ်က ပြောသည်။

မင်းခန့်၊ ကိုဆန်း

ကိုးကား –

ကျီးမနိုးပွဲနှင့် သူခိုးအန္တရာယ် (မောင်ပံသု/automobile.com.mm)

ကျီးမနိုးပွဲနဲ့ တန်ဆောင်မုန်းလပြည့် ကျော် ၁ ရက်( Angelic Demon/ Yoyarlay.com)