အရောင်ဆိုးဆေးပါသည့် အလှကုန် ဆယ့်တစ်မျိုး သုံးစွဲရန်မသင့်ကြောင်း FDA ထုတ်ပြန်

0
749

ထားဝယ်၊ နိုဝင်ဘာ ၁

အဝတ်အထည်များကို အရောင်ဆိုးရာတွင် အသုံးပြုသည့် အရောင်ဆိုးဆေးနှင့် ပြဒါးပါဝင်သည့် အလှကုန် ၁၁ မျိုးကို သုံးစွဲရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ အလှကုန်များကို ဈေးကွက်အတွင်းရောင်းချနေသည်ကို တွေ့ရှိပါက အမျိုးသားဆေးဝါးဥပဒေအရ ပထမအကြိမ်အဖြစ် ခံဝန်ကတိထိုးခိုင်းကာ ပညာပေးဟောပြောခြင်း၊ ဒုတိယအကြိမ် တွေ့ရှိပါက ပစ္စည်းသိမ်းယူခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း တိုင်း FDA မှ ဆေးဝါးကျွမ်းကျင် ဦးစီးအရာရှိ ဒေါ်စိုးမိမိက ပြောသည်။

အလှကုန် ၁၁ မျိုးတွင် ၅ မျိုးခန့်ကို ဈေးကွက်အတွင်းရောင်းချနေသည်ကို တွေ့ရပြီး ကျန်သည့် အလှကုန်များကိုမူ မသိရှိကြောင်း ထားဝယ်မြို့၊ မြောင်းပုလဲရပ်တွင် နေထိုင်သော အသက် ၂၀ နှစ်ခန့် အရွယ်အမျိုးသမီးက ပြောသည်။

“ရှိတဲ့ဆိုင်မှ ရှိတယ်။ အဲဒါတွေက ရှားတယ်။ အသစ်အသစ်တွေ ထွက်တယ်ဆိုရင် လျှောက်သုံး ဖြစ်တယ်။ ဘေးထွက် ဆိုးကျိုးတွေလည်း မသိဘူးဆိုတော့ ကိုယ်နဲ့တည့်ရင် ဆက်သုံးတယ်။ ခုတော့ သိပြီဆိုတော့ သုံးဖြစ်မှာ မဟုတ်တော့ဘူး”ဟု ၎င်းပြောသည်။

ဈေးကွက်အတွင်းရောင်းချနေသည့် အလှကုန်များကို စစ်ဆေးခဲ့ရာဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု အစိုးရက ကြေညာထားသည်။

Rhodamine B  အရောင်ဆိုးဆေး ပါဝင်သည့် Eyeliner Fluid နှင့် Eye shadow မျက်လုံးအလှခြယ်မိတ်ကပ်နှင့် Lead ခဲဓာတ်ပါဝင်သည့် နှုတ်ခမ်းဆိုးဆေး၊ ပြဒါးဓာတ်များပါဝင်သည့် မျက် နှာလိမ်းခရင်၊ အသားဖြူဆပ်ပြာစသည့် အလှကုန်များတွင် တားမြစ်ဓာတုပစ္စည်းများ ပါဝင်သည်ဟု ဖော်ပြထားသည်။

ယင်းအလှကုန်ပစ္စည်းများကို သုံးစွဲပါက အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း၊ အရောင်ဆိုး ဆေးပါသဖြင့် နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် အခြား ရောဂါများဖြစ်ပွားနိုင်ကြောင်း ဖော်ပြထားသည်။

မိုးမြင့်