ထားဝယ်စည်ပင်ဈေးကြီး ရွှေဆိုင်ခန်းငှားခ တိုးကောက်မည့်ကိစ္စ ကန့်ကွက်လွှာခေါ်

0
1117

ထားဝယ်မြို့ စည်ပင်သာယာဈေး ကြီးအပြင်ဘက်တန်းရှိ ရွှေဆိုင်ခန်းများ အပါအဝင် အခြားဈေးဆိုင်ခန်းများ၏ ဆိုင်ခန်းငှားရမ်းခ တိုးကောက်မည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေးအဖွဲ့က ကန့်ကွက်လွှာခေါ်ယူနေသည်။


လက်ရှိတွင် ဈေးကြီးအပြင်ဘက် ပတ်လည်ရှိ ဆိုင်ခန်းများကို တစ်လလျှင် ငှားရမ်းခ ငွေကျပ် ၃၀၀၀ မှ ၆၅၀၀ ကျပ်အထိ ကောက်ခံနေရာမှ တစ်သောင်း ကျပ်ကောက်ခံမည့်အပေါ် ကန့်ကွက်လွှာ ခေါ်နေခြင်းဖြစ်သည်။


စည်ပင်ဈေးကြီး အပြင်ဘက်တန်း ပတ်လည်တွင် ရွှေဆိုင်၊ လူသုံးကုန်ဆိုင်နှင့် ကုန်မာဆိုင်အချို့ ဖွင့်လှစ်ထား ကြသည်။


ဆိုင်ခန်းငှားခတိုးကောက်မည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်လိုက ဆိုင်ခန်းငှားရမ်းထားသည့် အမည်ပေါက်သူ ကိုယ်တိုင် ဖြစ်ရမည်ဖြစ်ပြီး ကန့်ကွက်သည့် အကြောင်းရင်း ခိုင်လုံရမည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။


“ကန့်ကွက်သူက ရွှေဆိုင်ရဲ့ အမည်ပေါက်ဖြစ်ရမယ်။ ဆွေမျိုးသားချင်းလည်း ကန့်ကွက်လို့မရဘူး။ လက်ရှိ အမည်ပေါက်ပဲ ကန့်ကွက်ခွင့်ရှိတယ်”ဟု အမှု ဆောင်အရာရှိက ပြောသည်။


ဆိုင်ခန်းခတိုးကောက်သည့်အပေါ် နိုဝင်ဘာလ ၂၉ ရက် နောက်ဆုံးထားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ လာရောက်ကန့်ကွက်နိုင်ကြောင်း ၎င်းက ဆိုသည်။


အထောက်အထား ခိုင်လုံစွာဖြင့် ကန့်ကွက်သူရှိပါက ကန့်ကွက်ရသည့် အကြောင်းအရာအပေါ်မူတည်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။


လက်ရှိတွင် ထားဝယ်စည်ပင် သာယာဈေးအပြင်ဘက် ပတ်လည်ရှိ ဆိုင်ခန်းများကိုသာ တိုးမြှင့်ကောက်ခံ မည်ဖြစ်ပြီး ဈေးအတွင်းဘက်ရှိ ဆိုင်ခန်းများ မပါဝင်သေးပေ။


ထားဝယ်စည်ပင်သာယာဈေး အပြင်ဘက် ပတ်လည်တွင် ဆိုင်ခန်းပေါင်း (ရွှေဆိုင်အများစုရှိ) ၉၅ ခန်းရှိပြီး ဈေးအတွင်း ဘက်တွင် ၅၉၇ ခန်းရှိကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ကိုဇော်