ရာသီဥတုပူသဖြင့် ရော်ဘာ အထွက်လျော့

0
1063
ရာဘာစေးခြစ်ယူနေပုံ။ ဓာတ်ပုံ - ဝေယံစိုး

ရာသီဥတုပူပြင်းမှုကြောင့် ယခုနှစ်တွင် ရော်ဘာအထွက်လျော့နည်း လာကြောင်း ထားဝယ်ခရိုင်ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသည့် တောင်သူများထံမှ သိရသည်။


မိုးအကုန် ဆောင်းရာသီအစ သီတင်းကျွတ်ကာလတွင် ရော်ဘာအစေးခြစ်လုပ်ငန်း စတင်လုပ်ကိုင်ကြပြီး ယခုနှစ် ရာသီဥတုပူသဖြင့် ယမန်နှစ် ကာလတူထက် ရော်ဘာစေးအထွက် ၂၀ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်း ထားဝယ်ခရိုင် ရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။


“အစေးထွက်တာက ဒီလိုမျိုးပူနေရင် လျော့တယ်။ သူက အေးမှ ပိုထွက်တာကိုး။ အခုက မိုးက ပြတ်တောင်း ပြတ်တောင်း ရွာနေသေးတော့ အစိုဓာတ် ရှိနေသေးတော့ နည်းနည်းရဦးမယ်။ တကယ်လို့ အခုလိုမျိုးဆက်တိုက်ပူမယ်ဆိုရင် ထွက်နှုန်းနည်းတဲ့ခြံတွေဆို ရပ်ကို ရပ်လိုက်ရမယ်”ဟု ဦးအောင်မျိုးက ဆို သည်။


ယခင်က တစ်ရက်လျှင် ရော်ဘာအစေးအရည် ပေါင် ၁၀၀ ခန့်ထွက်သည့် ရော်ဘာခြံမှာ ယခုအခါ ပေါင် ၈၀ ခန့် သာရရှိသဖြင့် အစေးခြစ်တောင်သူများနှင့် ခြံရှင်များအတွက် ဝင်ငွေလျော့ကျကြောင်း ဦးအောင်မျိုးက ဆိုသည်။


ရာသီဥတုပူသဖြင့် တစ်ရက်လျှင် မှိုင်းခံရော်ဘာပြား ၂၀ ပြားခန့်သာရရှိ ကြောင်း ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ် စုံစင်ကျေးရွာမှ ရော်ဘာခြံရှင် ဦးသင်းအောင်က ပြောသည်။ ယမန်နှစ်က တစ်ရက် အပြား ၃၀ ခန့်ရရှိခဲ့သည် ဟုဆိုသည်။


“ထွက်နှုန်းတော့ နည်းနေတယ်။ အရင်ပြားနှစ်ဆယ် သုံးဆယ်လောက်ရတဲ့ နေရာမှာအခု ဆယ့်ငါးပြားတို့ ပြား နှစ်ဆယ်တို့လောက်ပဲ ရလာတယ်”ဟု ဦးသင်းအောင်က ဆိုသည်။


ရာသီဥတု ပြောင်းလဲလာမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန် များမြင့်တက်နေပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် နိုဝင်ဘာလအတွင်း အမြင့်ဆုံးအပူချိန် ၃၅ ဒသမ ၅ စင်တီ ဂရိတ်အထိ ရှိနိုင်သည်ဟု တနင်္သာရီတိုင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ တိုင်း ဦးစီးမှူး ဦးဟန်ဝင်းအောင်က ခန့်မှန်း ပြောကြားသည်။

ဓာတ်ပုံ – ဝေယံစိုး


“မနှစ်ကထက်ကို ဒီနှစ် အောက်တို ဘာလထဲမှာကို ၃၅ ဒသမ ၅ ဆိုတော့ ခါတိုင်းနှစ်ထက်ကို အမြင့်ဆုံးအပူချိန် ဖြစ်ခဲ့ တယ်။ တို့ဒေသတစ်ခုတည်း မဟုတ်ဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ကို အပူချိန်မြင့်တက်ခဲ့တာ”ဟု ဦးဟန်ဝင်းအောင်က ဆိုသည်။ ဦးဟန်ဝင်းအောင်တွင်လည်း ရော်ဘာခြံရှိပြီး ၎င်းတို့ ရော်ဘာ ခြံတွင်လည်း အထွက်နှုန်း ၄၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ဟုဆိုသည်။


တနင်္သာရီတိုင်းတွင် ပင်လယ်လေ ရှိသဖြင့် အပူချိန်ဒီဂရီမြင့်တက်မှု အနည်း ငယ်သက်သာသော်လည်း မွန်ပြည်နယ်တွင် အပူချိန်စံချိန်တင်မြင့်တက်လာမှုကြောင့် သထုံမြို့ရှိ ဧက ၂၀ ရှိ ရော်ဘာခြံတွင် ရော်ဘာအစေးထွက်ရှိမှု ၄၀ ရာခိုင်နှုန်းအထိ လျော့ကျခဲ့သည်ဟု ဦးဟန်ဝင်းအောင်က ပြောသည်။


ကာဗွန်ထုတ်လွှတ်မှုနှင့် သစ်တော ပြုန်းတီးမှုတို့ကြောင့် ကမ်္ဘာကြီးပူနွေးလာပြီး အကျိုးဆက်အနေနှင့် မြန်မာ နိုင်ငံတွင် လွန်ခဲ့သည့် နှစ် ၃၀ မှစ၍ ဆယ်စုနှစ်တစ်ခုတိုင်း ကုန်းတွင်းဒေသ၏ အမြင့်ဆုံးအပူချိန်မှာ သုည ဒသမ ၅၇ ဒီဂရီ စင်တီဂရိတ်အထိတိုးလာကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီး ဌာန၏ အချက်အလက်များအရ သိရသည်။


မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစပြီး ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက် များဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ အချိန်အခါမဟုတ်မိုးရွာသွန်းကာ မိုးကြိုးပစ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲ၍ ရေခဲတောင်များ အရည်ပျော်ကာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ ဆားငန်ရေဝင်ရောက်ခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းအပေါ် ထိခိုက်ဆုံးရှုံးမှုများ နှစ်စဉ်နီးပါးခံစားနေရကြောင်း မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(MCCA)၏ ထုတ်ပြန်ချက်အရ သိရသည်။


ယခင်က ထားဝယ်တွင် ရာသီဥတု မှန်ခဲ့သော်လည်း ယခုနှစ်တွင် ဆောင်းဝင် အရှေ့လေ မတိုက်သဖြင့် ရာသီဥတု ပူလာခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။


ဦးအောင်မျိုး၏ ရော်ဘာစိုက်သက်တမ်း နှစ်ပေါင်း သုံးဆယ်အတွင်း ယခု နှစ်သည် ရော်ဘာအစေး အထွက် အလျော့ဆုံး နှစ်ဖြစ်သည်။

မိုးမြင့်