မြိတ်ငါးလေလံဈေးရှိ ဈေးသည်များ မူလဈေးသို့ ပြန်ပြောင်းရန် စည်ပင် စာထုတ်၊ ပြန်မပြောင်းလိုဟု ဈေးသည်များတုံ့ပြန်

0
773
DW_Myeik_FishMarket_0003.jpg
Myeik_FishMarket

မြိတ်ငါးလေလံဈေးရှိ ဈေးသည်များအား မူလဈေးသို့ ပြန်ပြောင်းရန် စည်ပင်စာထုတ်သော်လည်း ဈေးသည်များက ပြန်မပြောင်းလိုဟု ပြောသည်။

မြိတ်ငါးလေလံဈေးရှိ ဈေးသည်များကို မူလနေရာသို့ ပြန်လည်ပြောင်းရွှေ့ရန် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က စာထုတ်အကြောင်း ကြားလိုက်သည်။


မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ နံနက်ခင်းငါးဈေးမှ ဈေးသည်များသည် အောက်တိုဘာလ ၂၆ ရက်က ငါးလေလံ ဈေးသို့ ပြောင်းရွှေ့ရောင်းချခဲ့ကြခြင်း ဖြစ်သည်။


ရေနံမြေရပ်ကွက်ရှိငါးဈေးမှာ ရပ်ကွက် အတွင်းဖြစ်နေပြီး နေရာကျဉ်းမြောင်းခြင်း၊ မကြာခဏ နေရာရွှေ့နေရခြင်း၊ ဒီရေတက်ခြင်း၊ ကားရပ်နားရန်နေရာ မရှိခြင်း အစရှိသည့်အကြောင်းများကြောင့် ဈေးကို ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။


ပြောင်းရွှေ့ပြီး ၃ ရက်အကြာ အောက်တိုဘာလ ၂၉ ရက်တွင် မြိတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးကို မူလနေရာသို့ ပြန်လည်ပြောင်း ရွှေ့ရန် သားငါးဈေးကောက်လိုင်စင်ရထားသူ ဦးတင်အောင်ထံသို့ အကြောင်း ကြားခဲ့သည်။


၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ငါးဈေးရောင်းချရန် လိုင်စင်ကို ဦးတင်အောင် မှ ငွေကျပ် ၆၄ သိန်းဖြင့် တင်ဒါ အောင်ထားပြီး ဥပဒေအရ သတ်မှတ်ထားသည့်နေရာတွင်သာ ဈေးကောက် ကောက်ခွင့်ရှိကြောင်း စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်သည့် စာတွင်ပါ ရှိသည်။


ယင်းကြောင့် ဈေးရောင်းသူများသည် ၂၀၂၀ စတင်ဘာလအထိ မူလနေရာတွင် ရောင်းချရမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ စာထုတ်ရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။


“လက်ရှိလောလောဆယ်မှာတော့ ပြောင်းဖို့ရွှေ့ဖို့ကိစ္စ လိုင်စင်ရတဲ့လူကို ခေါ်ပြောထားပါတယ်”

ဟု ၎င်းက ပြောသည်။ ဈေးသူဈေးသားများကမူ မူလနေရာသို့ ပြန်မပြောင်းလိုဟု ဆိုကြသည်။


“လက်ရှိလောလောဆယ်မှာတော့ ပြောင်းဖို့ရွှေ့ဖို့ကိစ္စ လိုင်စင်ရတဲ့လူကို ခေါ်ပြောထားပါတယ်”ဟု ၎င်းက ပြောသည်။


ဈေးသူဈေးသားများကမူ မူလနေရာသို့ ပြန်မပြောင်းလိုဟု ဆိုကြသည်။


ယခုရောင်းချနေသည့် ငါးလေလံဈေးသည် ရေ၊ မီး၊ လမ်း အဆင်ပြေသည့်အပြင် ငါးအတင်အချ ပြုလုပ်ရန်လွယ်ကူခြင်း၊ ရပ်ကွက်သားများကို အားနာရန်မလိုသဖြင့် စသည့်အကြောင်းများကြောင့် ပြန်မပြောင်းလိုဟု ၎င်းတို့က ဆိုသည်။


“သွားလာရောင်းဝယ် ကားရပ်နားတာကအစ အားလုံးအဆင်ပြေတယ်။ အရင်နေရာကအဆင်မပြေဘူး”ဟု ဈေးရောင်းသူ ဒေါ်အေးမူက ပြောသည်။


ပြန်လည်ပြောင်းရန်ကိစ္စ ဈေးသူဈေးသားများမှလည်း လက်မခံသလို မူလဈေးရှိရာ ရပ်ကွက်သားများမှလည်း ကန့်ကွက်မှုများ ရှိနေသည့်အတွက် အဆင်မပြေနိုင်ဟု သားငါးဈေးကောက် လိုင်စင်ရထားသူ ဦးတင်အောင်က ဆိုသည်။


၎င်းအပြင် ဈေးသည်များအား မည်သည့်နေရာတွင် ရောင်းချရမည်ဟု မိမိတွင် အမိန့်ပေးပိုင်ခွင့်မရှိသကဲ့သို့ ထိုသို့ နေရာအတည်တကျရောင်းချရန်လည်း စာချုပ်မချုပ်ထားကြောင်း ၎င်းက ပြောသည်။


“သူတို့ကြိုက်တဲ့နေရာမှာရောင်း။ ကျွန်တော့်အနေနဲ့ကတော့ ဈေးကောက် ကောက်ဖို့ပဲ တာဝန်ရှိတယ်” ဟု ဦးတင်အောင်က ပြောသည်။


မြိတ်ငါးဈေးကို လွန်ခဲ့သည့် ၁၇ နှစ် ခန့်မှစ၍ ရပ်ကွက်အသီးသီး၌ ရောင်းချခဲ့ပြီး ရပ်ကွက်သားများ ကန့်ကွက်မှုကြောင့် ၁၀ နေရာထက်မနည်း ပြောင်းရွှေ့ ခဲ့ရပြီးဖြစ်ကြောင်း ဈေးရောင်းချသူများ ထံမှ သိရသည်။

ဆက်စပ်အချက်အလက်များ


၁) မြိတ်ငါးဈေးမှာ မကြာခဏ နေရာပြောင်းနေရခြင်းကြောင့် အပြည်ပြည် ဆိုင်ရာငါးလေလံဈေးတွင် ရောင်းချခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဈေးရောင်းသူများက အကူအညီတောင်းခံလာခြင်းကြောင့် ရောင်းချခွင့်ပြုထားကြောင်း ငါးလေလံဈေးတာဝန်ရှိသူ ဒေါ်ဌေးဌေးဝင်းက ပြောဆို ထားသည်။


၂) ဈေးသူဈေးသားများကို အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတွင် ယခု နှစ်ကုန် အထိ အခမဲ့ရောင်းခွင့်ပြုထားသည်။


၃) ဈေးသူဈေးသားများက အပြည်ပြည်ဆိုင်ရာငါးလေလံဈေးတွင် ရောင်းချ နေပြီဖြစ်သော်လည်း ယခင်ဈေးတွင် လိုင်စင်ရထားသူ ဦးတင်အောင်အား ဈေးကောက် ဆက်ပေးမည်ဟု ပြောဆို ကြသည်။


၄) သားငါးဈေးကောက်လိုင်စင်ရရှိထားသူ ဦးတင်အောင်က ဈေးကို ငါးလေလံ ဈေးသို့ ပြောင်းရွှေ့ရောင်းချတော့မည့်အကြောင်းနှင့် တင်ဒါကြေးကို တင်ဒါအောင်မြင် ထားသည့်ကာလအထိ ဆက်လက်ပေးသွင်းမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၅ ရက်က မြို့နယ်စည်ပင်သာယာရေးကော်မတီထံ လိပ်မူတင်ပြခဲ့သည်။


၅) စာတင်ပြီး နောက်တစ်ရက် အောက်တိုဘာလ ၂၆ ရက်တွင် ဈေးကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ တင်ပြလာသည့် စာအပေါ် စည်ပင်က တစ်စုံတစ်ရာ အကြောင်းမပြန်မီ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်ပြီး သုံးရက်အကြာတွင်မှ စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြောင်းရွှေ့ရန် စာထုတ်ခဲ့ခြင်းဖြစ်သည်။

Dawei Watch