ပသျှူးလူမျိုးများ မှတ်ပုံတင်ပြုလုပ်ရန် ငွေသိန်းချီပေးနေရ

0
679

ပသျှူးလူမျိုးများ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးရုံး ဝန်ထမ်းများက ငွေကြေးတောင်းခံသည့်အပြင် မှတ်ပုံတင်ရရန် လချီကြန့် ကြာလေ့ရှိကြောင်း ကော့သောင်းခရိုင်တွင် နေထိုင်ကြသည့် ပသျှူးလူမျိုးများက ပြောကြသည်။


လဝကရုံးတွင် မှတ်ပုံတင်သွားရောက်ပြုလုပ်ပါက အကြောင်းအမျိုးမျိုးပြ အချိန်ဆွဲခြင်း၊ တောင်းသည့်ငွေ ပေးသော်လည်း မှတ်ပုံတင်ရရန် ခက်ခဲခြင်း၊ ကြန့်ကြာခြင်းတို့ ရှိနေသည်မှာ ခေတ်အဆက်ဆက်မှ ယခုထိဖြစ်ကြောင်း ပသျှူးလူမျိုးအချို့က ပြောကြသည်။


ကော့သောင်းမြို့နယ်လဝကရုံးတွင် မှတ်ပုံတင်သွားလုပ်ထားရာ နောက်တစ်ရက်တွင် လဝက၀န်ထမ်းတစ်ဦးက မှတ်ပုံတင်အတွက် ဘတ် ၂၀၀၀ (မြန်မာ ငွေ ကျပ်တစ်သိန်းဝန်းကျင်)ကျော် ကုန်ကျမည်ဟု ဖုန်းဆက်အကြောင်းကြားလာကြောင်း ကော့သောင်းမြို့နယ် ၁၀ မိုင်ကျေးရွာမှ ပသျှူးလူငယ်တစ်ဦးက ပြောသည်။


ယင်းပသျှူးလူငယ်က မိမိတွင် ဘတ် ၂၀၀၀ သာရှိကြောင်း၊ လက်ရှိတွင် ဘတ် ၁၀၀၀ (မြန်မာငွေ ငါးသောင်းကျပ် ဝန်းကျင်)ပေးထားပြီး မှတ်ပုံတင်ရလျှင် နောက် ဘတ်တစ်ထောင်ပေးမည်ဟု ပြောထားပြီး သော်လည်း ၂လနီးပါးကြာ သည်အထိ မှတ်ပုံတင်မရသေးကြောင်း ၎င်းပသျှူးလူငယ်က ပြောသည်။


“အခု ဖုန်းဆက်လိုက်ရင် မပြောချင် သလို မဖြေချင်သလို လုပ်နေတယ်။ ငွေထပ်လိုချင်လို့ ညှစ်သလို ဖြစ်နေတယ်” ဟု ၎င်းပသျှူးလူငယ်က ပြောသည်။


ယင်းပသျှူးလူငယ်၏ အစ်ကိုနှင့် အစ်မတို့လည်း မှတ်ပုံတင်သွားလုပ်ခဲ့ စဉ်က နှစ်ယောက်ပေါင်း ဘတ် ၇၀၀၀ ပေးခဲ့ရဖူးကြောင်း ပြောသည်။


ကော့သောင်းမြို့နယ် လဝကရုံး မြို့နယ်ဦးစီးမှူး ဦးစောဝင်းကြည်ကမူ မြို့နယ်လဝကရုံးအနေဖြင့် ငွေကြေး တောင်းခံခြင်း မရှိဟု ပြောသည်။


“ပိုက်ဆံတောင်းတာ ကျွန်တော်တို့ ကတော့ မတောင်းပါဘူး။ (အဲလို ပိုက်ဆံတောင်းတယ် ပြောတဲ့အပေါ်မှာ) ဒါတော့ ဘာမှမပြောချင်ပါဘူး”ဟု ဦးစောဝင်းကြည်က ပြောသည်။


ပသျှူးလူမျိုးများ မှတ်ပုံတင် ပြုလုပ်ရာတွင် ကြန့်ကြာခြင်းမှာ ပုံစံများ ရှာထုတ်ရခြင်း၊ ပြုစုကာ ခရိုင်သို့ တင်ပြ ရခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးစောဝင်းကြည်က ပြောသည်။


“ကြန့်ကြာတယ်ဆိုတာကတော့ အလုပ်လုပ်တာ အချိန်အတိုင်းအတာ တော့ ပေးရတယ်လေ”ဟု ၎င်းက ပြောသည်။


ဘုတ်ပြင်းမြို့နယ်ရှိ ပသျှူးလူမျိုး အချို့သည်လည်း မှတ်ပုံတင်ပြုလုပ်ရာတွင် အချိန်ကြန့်ကြာခြင်းတို့ ရှိနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ၎င်း မြို့နယ်အတွင်းနေထိုင်သည့် ပသျှူးလူမျိုးတို့က ပြောဆိုကြသည်။


ပသျှူးလူမျိုးများသည် တနင်္သာရီတိုင်းအတွင်းရှိ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တွင် အများဆုံးနေ ထိုင်ကြသည်။

Dawei Watch