ထားဝယ်အမျိုးသားနေ့ လှေပြိုင်ပွဲ၊ ဈေးရောင်းပွဲ ကျင်းပမည်

0
1380
၂၀၁၈ခုနှစ် ထားဝယ်တိုင်းရင်းသားနေအခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်အမျိုးသားနေ့ အလံတင်အခမ်းအနားအပြင်လှေပြိုင်ပွဲနှင့် ဈေး ရောင်းပွဲတော်တို့ပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှုကော်မတီထံမှ သိရသည်။

မြန်မာသက္ကရာဇ်ဖြင့် နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး ယခုနှစ်တွင် ခရစ်သက္ကရာဇ် နိုဝင်ဘာလ ၂၇ ရက်တွင် ကျရောက်သည်။ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်သည်။


ဈေးရောင်းပွဲတော်နှင့် လှေပြိုင်ပွဲကို ထားဝယ်အမျိုးသားနေ့မတိုင်မီ ကြိုတင်ကျင်းပမည် ဟုဆိုသည်။ ဈေးရောင်းပွဲတော်ကို သပိတ်မျှောပွဲကျင်းပသည့်နေရာ ကမ်းနားလမ်းတွင်လည်းကောင်း၊ လှေပြိုင်ပွဲကို ထားဝယ်မြစ်အတွင်းတွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း အထက်ပါကော်မတီ ဦးဆောင်တာဝန်ခံ ဦးအောင်မျိုးက ပြောသည်။

၂၀၁၈ခုနှစ် ထားဝယ်တိုင်းရင်းသားနေအခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ – ဝေယံစိုး


အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားမည့်အစီအစဉ်ကိုမူ ထားဝယ်အမျိုးသားနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“မနှစ်တုန်းက ထားဝယ်အမျိုးသား နေ့ထက်တော့ ပိုပြီးစည်ကားလာမယ်” ဟု ၎င်းက ဆိုသည်။


ယမန်နှစ်က စတင်ကျင်းပသည့် ထားဝယ်အမျိုးသားနေ့တွင် ထားဝယ်အမျိုးသားသီချင်း သီဆိုကာ အလံတင် အခမ်းအနားကို ကျင်းပခဲ့ပြီး သက်ဆိုင်ရာ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအသီးသီးက ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားသည့် အစီအစဉ်များသာ ပါဝင်ခဲ့သည်။


၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပသည့် ထားဝယ်အမျိုးသားညီလာခံတွင် ထားဝယ်အမျိုးသားနေ့၊ အလံ၊ အမှတ်တံဆိပ်တို့ကို အတည်ပြုသတ်မှတ်ခဲ့သည်။


ထားဝယ်ခရိုင်ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့များနှင့် လူပုဂ္ဂိုလ်များဖြင့် ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှု ကော်မတီထံမှ သိရသည်။

Dawei Watch