အပျိုလူပျိုတို့ အလုပ်များသည့် ရာသီ

0
1048
အလှူတစ်ခုရှိ အပျိုလူပျိုအသင်း။ ဓာတ်ပုံ - ဝေယံစိုး

ကထိန်ကာလလည်းဖြစ်၊ မင်္ဂလာဆောင်ရာသီ အစလည်း ဖြစ်သည့် ယခုအချိန်သည် အပျိုလူပျိုတို့ အလုပ်များ ရချိန် ဖြစ်ပါသည်။


အထူးသဖြင့် အပျိုလူပျိုအသင်းများ ဖွဲ့စည်းထားကြသည့် နယ်ရွာများမှ အပျိုလူပျိုတို့က အလုပ် ပိုများကြရပါသည်။


ယခုကဲ့ ကထိန်အလှူပွဲများ ဆက်တိုက်ရှိနေသည့်အချိန်တွင် အပျိုလူပျိူ အသင်းဝင်တို့ ပိုပင်ပန်းကြရသည်။


ကိုယ်ပိုင်အလုပ် ကိုယ်စီရှိကြခြင်း၊ အိမ်တွင် တာဝန်ယူထားသည့် နေ့စဉ်ဆောင်ရွက်ရမည့် နိစ္စဓူ၀ ကိစ္စများရှိနှင့် နေကြရာ နိစ္စဓူ၀ လုပ်ငန်းတာဝန်များလည်း မလစ်ဟင်းရေး၊ အလှူတွင် ပါဝင်လုပ်ဆောင်ရန် တာဝန်ယူထားသည့် တာဝန်လည်း ဖြည့်ဆည်းနိုင်ရေးတို့ ချိန်ညှိရင်း ပင်ပန်းကြရသည်။


ထိုသို့ ဗျာများရသူများအနက် သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ အပျိုလူပျိုအသင်း၏ သက်တော်ရှည် အသင်းခေါင်းဆောင် မကြည်ဆန်းလည်း ပါဝင်သည်။


“ရော်ဘာခြစ်တဲ့လတွေဆို အိပ်ချိန် တောင် သိပ်မရှိပါဘူး”ဟု အသင်းခေါင်းဆောင် လုပ်သက် နှစ်ပေါင်း ၃၀ ရှိ မကြည်ဆန်းက ပြောသည်။


အပျိုလူပျိုအသင်းဝင်တို့သည် အလှူအကြိုနေ့ကတည်းက အလှူအတွက် အခမ်းအနား၊ စားပွဲကုလားထိုင်၊ ပန်းကန်ခွက်ယောက်များ ကြိုတင်ပြင်ဆင် ကြရသည်။


အလှူပွဲနေ့တွင်လည်း နံနက်စောစောထကာ အပျိုတို့ဆိုက အလှပြင်ကြရမည်။ ထိုနောက် ဧည့်သည်တွေထက် စောရောက်ရေး အလှူပွဲသို့ အချိန်မီ သွားကြရမည်။

ဓာတ်ပုံ – ဝေယံစိုး


ဧည့်သည်တို့လာက ကျွေးမွေးရန်အသင့် ဖြစ်နေရမည်။


မြိတ်မြို့၊ အောင်မင်္ဂလာရပ်နေ အသက် ၂၆ နှစ်အရွယ်ရှိ မအိကမူ အလှူပွဲ၊ မင်္ဂလာပွဲများ၌ ပုံမှန်အချိန်များတွင် မသိသာလှသော်လည်း ဧည့်သည်များလာသည့်အချိန်တွင်မူ လက်မလည်၍ စိတ်ညစ်ရကြောင်း ဆိုသည်။


“လူများလို့လက်မလည်တဲ့အထဲ အပြောကြမ်းတဲ့ ကာလသမီးခေါင်းဆောင်နဲ့ဆို ပိုပြီး ဒေါသထွက်ရတယ်” ဟု မအိက ဖွင့်ဟသည်။


အလှူပွဲသို့ အစောဆုံးရောက်ပြီး နောက်ဆုံးမှ ပြန်ရသူများတွင် အပျိုလူပျို အသင်းဝင်တို့ ထိပ်ဆုံးက ပါနေပါသည်။


အလှူပွဲပြီးလျှင် စားပွဲကုလားထိုင်တို့ သိမ်းရမည်။ စားပွဲခင်းနှင့် လက်သုပ်ပုဝါတို့ လျှော်ကာ လှန်းရမည်။ ပန်းကန် ခွက်ယောက်တို့ သုတ်သင်ကာ နေရာပြန် ချထားရမည်။


“အလုပ်အကိုင်နေ့ (အလှူအကြိုနေ့) ဆို မနက် ၆ နာရီလောက် လောက်ထသွားရတယ်။ ဟိုမှာ မုန့်ကျိုဖို့ မွှေဖို့ပေါ့။ ညနေ ၄ နာရီလောက်မှပြန်ရတယ်။ အလှူနေ့ဆိုရင်တော့ မနက် ၄ နာရီကတည်းက ထသွားရတယ်။ နေ့လယ် အလှူပြီးမှပဲ အိမ်ပြန်ရတယ်”ဟု ရန်တောင်ရွာသူ မကြည်ဆန်းက ပြောသည်။


သူတို့ ပီတိဖြစ်ကြရသည့်အချိန်မှာ ဧည့်သည်တို့ အားပါးတရ စားသောက်ချိန်နှင့် အလှူရှင်က သူတို့လုပ်အားကို အသိအမှတ်ပြုသည့်သဘောဖြင့် လက်ဆောင်တစ်ခုစီ ပေးကမ်းသည့်အချိန် ဖြစ်ပါသည်။


ယင်းသည် အလှူ၊ မင်္ဂလာဆောင် ကာလအတွင်း အလုပ်များကြရခြင်းသာ ဖြစ်သေးသည်။
အပျိုလူပျိုတို့သည် ထိုကာလ မတိုင်မီကတည်းက ကြိုပြင်ကြရသည်များ ရှိပါသည်။


အဓိကအားဖြင့် အလှူတွင် ဝတ်ရန် အဝတ်အစားများ ကြိုပြင်ကြ၊ ကြိုဝယ်၊ ကြိုချုပ်ကြရသည်။
အပျိုတို့က အလှပြုပြင်ရေးဆိုင် ပြေးကြရသေးသည်။ ဆံပင် ညှပ်ကြ၊ ဖြောင့်ကြ၊ ဖယောင်း ပေါင်းတင်ကြ၊ လက်သည်းပြင်ကြ၊ မျက်နှာဖယောင်းသွင်း၊ ရွှေသွင်း၊ ပေါင်းတင်ကြရမည်။ ထိုသို့ ပြုလုပ်နိုင်မှ မိမိသူငယ်ချင်းများကြား၊ ဧည့်သည်အခြားရွာသူရွာသားများကြား ရဲရင့်ကြော့မော့နိုင်လိမ့်မည်။


မြိတ်မြို့၊ အောင်မင်္ဂလာရပ်နေ မအိကမူ သီတင်းကျွတ်ပြီး မင်္ဂလာပွဲ၊ အလှူပွဲများ ပေါ်ပေါက်လာလျှင် ပထမဆုံး စိတ်ညစ်ရသည်မှာ အဝတ်အစားကိစ္စဟု ပြောပါသည်။


“ဘယ်အဝတ်က ဘယ်ပွဲမှာ ဝတ်ရမလဲ ကြိုပြီးစဉ်းစားထားရတယ်။ ပွဲတွေဆက်သွားရင် အိမ်မှာနေချိန်မရှိ သလို အဝတ်အစားကလည်း ဝတ်မလောက်လို့ အစ်မဆီက ငှားဝတ်ရတယ်”ဟု မအိက ပြောသည်။


အချို့ရွာအပျိုလူပျိုအသင်းများတွင်မူ ဆင်တူဝတ်စုံ သတ်မှတ်ကာ ကြိုချုပ် ထားကြသည်။


ထိုသို့ ဆင်တူဝတ်စုံ ချုပ်ကြလျှင် အပျိုလူပျို မိဘများ၊ အထူးသဖြင့် ငွေကြေးမပြေလည်သောမိဘများ၊ အပျိုလူပျို တစ်ယောက်မက ရှိနေသည့် မိဘတို့က အဝတ်ဖိုး၊ အလှပြင်ဖို့ မိတ်ကပ်ဖိုး၊ ဆံပင် ပေါင်းတင်ဖို့ စသည်တို့အတွက် ခေါင်းခဲကြရသည်။


ယင်းအတွက် ကြိုတင်ရှာဖွေစု ဆောင်းကြ၊ မရှိလျှင် ချေးငှားကြရသည်။


အလှူပွဲနေ့များတွင် နေ့စဉ် သားသမီးတို့ လုပ်နေကြ အချို့အလုပ်များကို ကျန်မိသားစုဝင်တို့က ဝင်ဖာထေးပေးကြရသည်။


သို့သော် မိမိတို့ သားသမီးများ လူကြားထဲ ကြော့ရှင်းသပ်ရပ်တောက်ပြောင်စွာ ပရဟိတ လုပ်ကိုင်နေကြလျှင် မိဘတိုင်းက စိတ်ကြည်နူး ကျေနပ်နေ တတ်ကြပါသည်။


ထိုသို့ ကြည်နူးနေရသည့် မိဘများတွင် သရက်ချောင်းမြို့နယ် ရန်တောင်ရွာ အပျိုလူပျိုအသင်းဝင် လူပျိုတစ်ဦး၏မိခင် ဒေါ်သိန်းမြင့်လည်း အပါအဝင် ဖြစ်ပါသည်။


“ကိုယ်ကအလှူကိုသွားတဲ့အခါ ကိုယ့်သားကို မြင်ရရင် ကျေနပ်တာပေါ့။ . . . ငါ့သားက ဒီမှာ ကူလုပ်နေတာပဲ သူလျှောက်သွားနေတာ မဟုတ်ဘူးဆိုပြီး တွေးရင်း ပီတိဖြစ်ရတယ်။ ကျေနပ်နေရတယ်”ဟု ဒေါ်သိန်းမြင့်က ပြောပါသည်။


ဒေါ်သိန်းမြင့်၏ သားအပါအဝင် အပျိုလူပျိုအသင်းဝင်တို့သည် နောက်ကွယ်တွင် အခက်အခဲများစွာ၊ အလုပ် များစွာ၊ စိန်ခေါ်မှုများစွာ ရှိနေနိုင်ပါသည်။


သို့သော် အလှူ၊ မင်္ဂလာပွဲလာ ဧည့်သည်တော်တို့ရှေ့တွင်ကား အပြုံးကိုယ်စီဖြင့် ဧည့်ခံနေကြသည်ကို တွေ့မြင် နေကြရဦးမည် ဖြစ်ပါသည်။

တနင်္သာရီသတင်းအဖွဲ့