အဝေးသင်နှစ်ကြိမ်ခွဲတက်ရမည့်ကိစ္စ ကန့်ကွက်သည့်ဗီနိုင်း နာရီပိုင်းအကြာ ပြန်ဖြုတ်ခံရ

0
1153

အဝေးသင်တက္ကသိုလ် နှစ်ကြိမ် ခွဲတက်ရမည့်ကိစ္စ အလိုမရှိကြောင်း ရေးသားကာ ချိတ်ဆွဲထားသည့် ဗီနိုင်းကို ချိတ်ဆွဲပြီး နာရီပိုင်းအကြာတွင် ပြန်လည်ဖြုတ်ချခံလိုက်ရကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

အဖြူရောင်ပိတ်ထည်ပေါ်တွင် အနီရောင်ဖြင့်ရေးသားထား သည့်“ကျောင်းသားထုဆန္ဒမပါသော အဝေးသင်ပညာရေးစနစ် အလိုမရှိ”စာသားပါ ဗီနိုင်းကို ထားဝယ်တက္ကသိုလ် အဓိကအဝင်လမ်း မကြီးတွင် အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ချိတ်ဆွဲခဲ့သည်။

ယင်းကဲ့သို့ချိတ်ဆွဲပြီး နာရီပိုင်း အကြာ နေ့လယ် ၁၂ နာရီခန့်တွင် ထားဝယ်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ဝန်ထမ်းအချို့က ယင်းဗီနိုင်းကိုလာ ရောက်ဖြုတ်ယူသွားခဲ့ကြောင်း ထားဝယ် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဝေးသင်ကျောင်းသားတာဝန်ခံ ကိုမျိုးထွေးက ပြောသည်။

“ဒီလိုဖြုတ်ချခံလိုက်ရတာဆိုတော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ပါမောက္ခချုပ်ကိုသွားမေး တဲ့အခါကျတော့ သူဖြုတ်ချခိုင်းတာ မဟုတ်ဘူးလို့ပြောတယ်”ဟု ကိုမျိုးထွေးက ဆိုသည်။

အဝေးသင်ဆယ်ရက်တက်ကာ စာမေးပွဲဖြေသည့်စနစ်အစား ဆယ်ရက်နှစ်ကြိမ်ခွဲကာ ငါးရက်စီတက်ရသည့် စနစ်ကို ၂၀၂၀ ခုနှစ်တွင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အောက်တိုဘာ လ ၁၆ ရက်က သတင်းမီဒီယာများကို ပြောဆိုခဲ့သည်။

ယင်းကဲ့သို့ပြောဆိုပြီးနောက် ထားဝယ်တက္ကသိုလ်အပါအဝင် မြန်မာ ပြည်အနှံ့ရှိ တက္ကသိုလ်အချို့ရှိ အဝေးသင် ကျောင်းသားများက ယင်းပညာရေးစနစ်ကို အလိုမရှိကြောင်း ဆန္ဒပြမှုများပေါ် ပေါက်လာခဲ့သည်။

လာမည့်နိုဝင်ဘာလတွင် အဝေးသင် တတိယအသုတ် အနီးကပ်တက်ရမည့် အချိန်တွင်လည်း အဝေးသင်အနီးကပ်နှစ် ကြိမ်ခွဲတက်ရမည်ကို ဆက်လက်ဆန္ဒထုတ်ဖော်သွားရန် အစီအစဉ်ရှိကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

Dawei Watch