လေးလကြာသည်အထိ မီတာခ မဆောင်က မီတာဖြုတ်သိမ်းခွင့်ပြုရန် GGS တင်ပြ

0
1161

ထားဝယ်ခရိုင်အတွင်း လေးလကြာသည်အထိ လျှပ်စစ်မီတာခ မပေးဆောင်ပါက မီတာဖြုတ်သိမ်းခွင့်ပြုရန် တိုင်းအစိုးရထံ GGS ကုမ္ပဏီက တင်ပြထားသည်။

လျှပ်စစ်မီတာခကို သတ်မှတ်ရက်အတွင်း မပေးဆောင်က မီးဖြတ်ပြီး နောက်ပိုင်း လေးလကြာသည်အထိ မီတာခ မပေးသွင်းသည့် မီတာများကို ဖြုတ်သိမ်းရန် တင်ပြခဲ့ခြင်းဖြစ်သည်။

မီးဖြတ်ပြီး ပထမလအတွင်းပေး ဆောင်ပါက မီးပြန်ဆက်ပေးခ နှစ်ထောင်ကျပ်၊ ဒုတိယလအတွင်း ပေးဆောင်က သုံးထောင်ကျပ်၊ တတိယလအတွင်း ပေးဆောင်ပါက လေးထောင်ကျပ် ကောက်ခံမည်ဖြစ်ပြီး စတုတ္ထလတွင် မပေးဆောင်သေးပါက မီတာဖြုတ်သိမ်းခွင့်ပြုရန် တင်ပြခြင်းဖြစ်ကြောင်း GGS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူနိုင်က ဆိုသည်။

GGS ကုမ္ပဏီက မီတာဖြုတ်သိမ်း ခွင့်ပြုရန် အောက်တိုဘာလ ၂၇ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးထံ လိပ်မူတင်ပြခဲ့ကြောင်း အဆိုပါ စာအရ သိရသည်။

မီတာဖြုတ်သိမ်းရာတွင် မီးလင်းရေး မီတာနှင့် ယာယီမီတာများကို ကုမ္ပဏီက ဖြုတ်သိမ်းမည်ဖြစ်ပြီး လျှပ်စစ်ဌာန (EPC) မီတာများကိုမူ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဖြုတ်သိမ်းပေးရန် တင်ပြထားသည်။

ထားဝယ်ခရိုင်အတွင်း  မီတာခ မပေးသွင်းသည့် မီတာအလုံးရေ နှစ် ထောင်ကျော်ရှိနေပြီး ဌာနမှတပ်ဆင် ထားသည့် ရပ်ပျက်နှေးဖြစ်နေသည့် မီတာအများစုပါဝင်ကြောင်း ဦးမြတ်သူနိုင် က ဆိုသည်။

အဆိုပါ ရပ်ပျက်နှေးဖြစ်နေသည့် မီတာနေရာတွင် ယာယီမီတာဖြင့် အစားထိုး တပ်ဆင်လိုက်ချိန်တွင် မီတာခ မပေးဆောင်ကြတော့ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ဆီမှာ မီတာခ သုံးလကျော်၊ လေးလကျော် မဆောင်ဘဲနဲ့ တမင်တကာဖြစ်နေတဲ့ ပုံစံမျိုးမဟုတ် ဘူး”ဟု ဦးမြတ်သူနိုင်က ဆိုသည်။

ထားဝယ်ဒေသ အနေအထားအရ အချိန်လေးလကြာသည်အထိ မီတာခ မဆောင်သည့်ကိစ္စမှာ ခရီးလွန်နေခြင်းကြောင့် ဖြစ်နိုင်ချေများပြီး ဖြုတ်သိမ်း မည်ဆိုပါက မီတာဖြုတ်သိမ်းခံရမည့် အိမ်ရှင်များနှင့် အကျေအလည်ဆွေးနွေး သင့်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ် မှုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ဆိုသည်။

“ဘုမသိ၊ ဘမသိနဲ့ လိုက်ဖြုတ် မယ်ဆိုရင်တော့ လက်မခံနိုင်ဘူး”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဦးအောင်သူရကမူ မီတာခ မပေးဆောင်သည့် မီတာများကို ကုမ္ပဏီ အနေဖြင့် မီးဖြတ်ခွင့်သာရှိပြီး မီတာ ဖြုတ်သိမ်းခွင့်မပေးနိုင်ဟု ဆိုသည်။

“မီတာက သူ(ကုမ္ပဏီ) ဖြုတ်ပိုင်ခွင့် မရှိဘူးလေ။ မီတာဖြုတ်ခွင့်တော့ မပေးဘူး”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

ထားဝယ်ခရိုင်အတွင်း စုစုပေါင်း မီတာအလုံးရေ ခြောက်သောင်းကျော်ရှိသည်။

ကိုဇော်

ဆက်စပ်သတင်းများ