တနင်္သာရီဂျာနယ်အမှု တိုင်းတရားလွှတ်တော်တွင် အပြီးသတ်လျှောက်လဲ

0
529
မဲဆွယ်အပြုံးသရော်စာတွင်ဖော်ပြသော ပုံ။

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို အောက်တိုဘာလ ၁၈ ရက်က တိုင်းဒေသ ကြီး တရားလွှတ်တော်၌ နှစ်ဘက်အပြီး သတ်လျှောက်လဲခဲ့ကြ သည်။

တရားခွင်အတွင်း လျှောက်လဲချက် ပေးရာတွင် အခြေခံဥပဒေပါ နိုင်ငံသား လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့် အချက် ၈ ချက်ကို အကျယ်တဝင့် လျှောက်လဲခဲ့ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်းအစိုးရကတရားစွဲဆိုခဲ့ပြီး ထားဝယ် မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ယခုနှစ် ဖေဖော်ဝါရီလက အမိန့်ချခဲ့သည်။

မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်း ရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။

ထိုကြောင့် တနင်္သာရီဂျာနယ်ဘက် က ဇွန်လ ၃ ရက်တွင် တိုင်းတရားလွှတ်တော်ထံ ရာဇဝတ်ပြင်ဆင်မှု ထပ်မံ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး တိုင်းတရား လွှတ်တော်၏ တရားသူကြီး ဦးခင်မောင်မောင်က ကြားနာစစ်ဆေးနေခြင်း ဖြစ်သည်။

မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ် ထားသည့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) မှာ သတင်းအတွက် ရည်ညွှန်း ထားခြင်းဖြစ်ပြီး မဲဆွယ်အပြုံးဆောင်းပါးက သတင်းမဟုတ်ဘဲ သရော်စာဖြစ်ကြောင်းကို တရားရုံးတော်က မြင်သာစေရန် အဓိကထား လျှောက်လဲခဲ့ကြောင်း ဦးအောင်ဇာနည်စိုးက ပြောသည်။

“မျှတလိမ့်မယ်လို့ မျှော်လင့်တယ်။ သတင်းလွတ်လပ်ခွင့်ဖြစ်တဲ့အတွက် တစ်ရုံးမရရင် တစ်ရုံးတက်လာတာပေါ့နော်။ ဒါပေမယ့်ဒီရုံးမှာတော့ အကောင်းဆုံးပြီးပြတ်သွားလိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု ဦးအောင်ဇာနည်စိုးက ပြောသည်။

တနင်္သာရီဂျာနယ်အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးစဉ်က တနင်္သာရီ ဂျာနယ်ဘက်မှ မြန်မာနိုင်ငံသတင်းမီဒီ ယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်၊ သရော်စာ စာရေးဆရာ ဗြိတိသျှကိုကိုမောင် အပါအဝင် တရားခံ ပြသက်သေ ၇ ဦးက ထွက်ဆိုခဲ့သည်။

တရားလိုဘက်မှ တိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ ယာဉ်မောင်းဖြစ်သူ ဦးအောင်ကျော်စိုး၊ NLD ပါတီ ထားဝယ်ခရိုင်တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုး အပါအဝင် တရားလိုပြသက်သေ ၃ ဦးက ထွက်ဆိုခဲ့သည်။

တိုင်းတရားလွှတ်တော်တွင် အပြီးသတ် လျှောက်လဲရာ၌ တိုင်းအစိုးရဘက်မှ ဥပဒေအရာရှိတစ်ဦးက လျှောက်လဲခဲ့ပြီး မြို့နယ်တရားရုံးတွင် တရားလိုအဖြစ် တရားစွဲဆိုခဲ့သည့် ဦးအေးလူ လာရောက် ခဲ့ခြင်းမရှိပေ။

ရာဇဝတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ အမိန့်ချမည့်ရက်ကို တိုင်းတရားလွှတ်တော်က ထပ်မံကြေညာမည်ဖြစ်သည်။

တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်း အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော် အကြာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်မှာ လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ခံထားရပြီး ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးထားကာ တိုင်းဒေသကြီးတရား လွှတ်တော်တွင် တရားသူကြီး ဦးခင်မောင်မောင်ကပင် စစ်ဆေးနေသည်။

Dawei Watch