ဆေးကြောင်နေသည်ဟု ယူဆရသူက မူကြိုကျောင်းသူကို ယောက်မဖြင့် ရိုက်သတ်

0
1205

ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲထားပြီး ဆေးကြောင်နေသည်ဟု ယူဆရသည့် အမျိုးသားတစ်ဦးက အသက် ၅ နှစ်အရွယ် မူကြိုကျောင်းသူအား ယောက်မဖြင့် ရိုက်သတ်ခဲ့ကြောင်း ကျေးရွာရာအိမ်မှူးက ပြောသည်။

တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်း ဆေးကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် ယင်းသို့ ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာရာအိမ်မှူး ဦးခင်ဦးက ပြောသည်။

ရိုက်သတ်ခဲ့သူမှာ အသက် ၄၀ နှစ် အရွယ်ရှိ အိမ်နီးချင်းအမျိုးသားဖြစ်ပြီး အလှူပွဲများတွင် ထမင်း၊ ဟင်းချက်ပြုတ် ရာတွင်အသုံးပြုသည့် သစ်သားယောက်မ အကြီးစားဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ဦးကဆိုသည်။

ကလေးငယ်အား ရိုက်သတ်နေစဉ် ရွာ၌တရားပွဲရှိသဖြင့် အသံချဲ့စက်ဆူညံမှု ကြောင့် အော်ဟစ်ငိုယိုသံများကို အိမ်နီးချင်းများ မကြားကြရဘဲ ရိုက်သတ်သူ၏ သားဖြစ်သူ(သေသူသည့်ကလေး၏ ကစားဖော်)က အဒေါ်ကို လာရောက် ပြောပြမှသာ သိရှိရကြောင်း ရွာသားအချို့က ပြောသည်။

ရိုက်သတ်သည့်အမျိုးသားအား သွားရောက်ဖမ်းဆီးချိန်တွင် မူးယစ်ဆေး ဝါးသုံးစွဲထားပြီး ဆေးကြောင်နေသည့် ပုံစံဖြစ်ကြောင်း ကျေးရွာရာအိမ်မှူးက ဆိုသည်။

ရိုက်သတ်ခံရသည့် ကလေးငယ်ကို မြိတ်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကုသ ခဲ့သော်လည်း ဆေးရုံရောက်ပြီးချိန်တွင် သေဆုံးခဲ့ကြောင်း ခရိုင်ဆေးရုံကြီးထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အထက်ပါအမျိုးသားအား ကျွန်းစုမြို့မ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ် ကြောင်း မင်းခေါင်းဆေးကျေးရွာရာအိမ်မှူးထံမှ သိရသည်။

Dawei Watch