ကော့သောင်းကမ်းဝေးလှေအားလုံး ယခုလကုန်တွင် VMS ဝယ်ပြီးသား ဖြစ်နေရမည်

0
564

ကော့သောင်းအခြေစိုက် ကမ်းဝေး ငါးဖမ်းလှေများ VMS ခေါ် လှေစောင့် ကြည့်ခြေရာခံစက်များကို အောက်တိုဘာ လ ၁၄ ရက်နေ့မှစ၍ စတင်တပ်ဆင်နေ ကြပြီဖြစ်ကြောင်း ခရိုင်ငါးလုပ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

VMS စက် တင်ဒါအောင်ကုမ္ပဏီက ဆက်တိုက်တပ်ဆင်ပေးနေပြီး မတပ်ဆင်ရသေးသည့် ကမ်းဝေးငါးဖမ်းလှေ များအနေဖြင့် အောက်တိုဘာလကုန်တွင် စက်ဝယ်ယူထားပြီးသား သို့မဟုတ် စက်ဝယ်ယူရန် တင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးသား ဖြစ်နေရမည်ဟု လှေများကို ညွှန်ကြားထားကြောင်း ဦးသန့်ဇင်က ပြောသည်။

VMS စနစ်  တပ်ဆင်ပြီးပါက လှေများကို ထိန်းချုပ်ရေးစခန်းမှ ထိန်းချုပ်စောင့်ကြည့်ခြင်း၊ မိုးလေဝသသတင်းများ ပေးပို့ခြင်းအပြင် ငါးဖမ်းလှေများကလည်း ပြည်တွင်းပြည်ပ လိုင်စင်မဲ့ ငါးခိုးဖမ်း လှေများတွေ့ရှိက ပင်လယ်မှ သတင်းပေး ပို့ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

VMS စနစ် ထိန်းချုပ်ရေးစခန်း(ခွဲ)တစ်ခုကို မြိတ်မြို့တွင် ဆောက်လုပ်မည် ဖြစ်ပြီး ယင်းစခန်း(ခွဲ)မရှိသေးမီတွင် နေပြည်တော်ထိန်းချုပ်ရေးစခန်းမှ ထိန်းချုပ်မည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။

ကမ်းဝေးငါးဖမ်းလှေများတွင် ထိန်းချုပ်စောင့်ကြည့်ရေးစနစ်ကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တပ်ဆင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည်။

မြိတ်တွင်လည်း VMS စတင် တပ်ဆင်နေပြီဖြစ်သည်။

Dawei Watch