မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်း ငါးခုကို တင်ဒါမခေါ်ဘဲ လုပ်ဆောင်ခဲ့

0
453

မွန်ပြည်နယ်အစိုးရအဖွဲ့သည် လုပ်ငန်းငါးခုကို တင်ဒါမခေါ်ဘဲ လုပ်ဆောင်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ) ရသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ ရှိချက်နှင့် ၀န်ကြီးဌာနအချို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

သမ္မတညွှန်ကြားချက် တင်ဒါလုပ်ထုံး လုပ်နည်း ၁/၂၀၁၇ အရ ကျပ် ၁၀ သန်း အထက် လုပ်ငန်းများကို တင်ဒါခေါ်ယူ ရမည်ဖြစ်သော်လည်း မွန်ပြည်နယ်အစိုးက ကျပ် ၁၀ တန်းအထက် လုပ်ငန်း ၅ ခုကို တင်ဒါမခေါ်ဘဲ လုပ်ငန်းဆောင် ရွက်စေခဲ့သည်ဟု မွန်ပြည်နယ်စာရင်းစစ်ချုပ်က ပြောသည်။

“လုပ်ငန်း ၅ ခုစလုံးမှာ ကျပ် ၁၀ သန်းကျော်ပေမယ့် တစ်လမ်းမှ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ခြင်း မရှိဘူး”ဟု  ပြည်နယ်စာရင်းစစ်ချုပ်က ပြောသည်။

တင်ဒါ မခေါ်ဘဲ ဆောင်ရွက်စေခဲ့ သည့် လုပ်ငန်း ၅ ခုသည် ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင်လမ်း တိုးချဲ့ခြင်းနှင့် ကတ္တရာခင်းခြင်း၊ ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီး-ထန်းပင်ချောင်လေး-မြလေးချောင်-ရင်းငြိမ်လမ်း ကတ္တရာခင်းခြင်းနှင့် ကျွဲခြံ-အလှပ်လမ်း ချဲ့ခြင်း၊ သထုံမြို့နယ်ရှိ ၀ါးခုတ်တော-ဖားပိုင်ကန်းလမ်းခင်းခြင်းနှင့် ပေါ်တော်မူ ကျေးရွာလမ်းခင်းခြင်းတို့ ဖြစ်သည်။ 

အဆိုပါ လုပ်ငန်း ၅ ခုအနက်မှ ရေးမြို့နယ် အောင်သပြေ-နှစ်ကရင် လမ်း တိုးချဲ့ခြင်း ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီး-ထန်းပင်ချောင်လေး-မြလေးချောင်-ရင်းငြိမ်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်း ၂ ခုတို့ကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီ ၂ ခု ကို ဆောင်ရွက်စေခဲ့ကြောင်း၊ ကျန်လုပ်ငန်း ၃ ခုကို တင်ဒါမခေါ်ဘဲ ကျေးလက် ဦးစီးဌာနက ဆောင်ရွက်ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

တင်ဒါမခေါ်ဘဲ လုပ်ငန်းများ ဆောင်ရွက်စေခဲ့သည့်ကိစ္စသည် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ အပိုဒ် (၅)၊ (၆) အရ ကိုက်ညီမှုရှိသည်ဟု မွန်ပြည်နယ်အစိုးရက ပြီးခဲ့သည့်ဇွန်လ အတွင်း ပြုလုပ်ခဲ့သည့် တတိယ တစ်နှစ် တာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ခဲ့ဖူးသည်။

မွန်ပြည်နယ်အစိုးရမှ တင်ဒါ မခေါ်ဘဲ လုပ်ငန်းဆောင်ရွက်စေခဲ့သည့် အပေါ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုများအကြား ဝေဖန်ပြောဆို မှုရှိခဲ့ပြီး ယင်းအပေါ် အဂတိလိုက်စားမှုရှိ မရှိ စိစစ်ပေးရန် အဂတိလိုက်စားတိုက် ဖျက်ရေးကော်မရှင်အထိ တိုင်ကြားမှုများ လည်းရှိခဲ့သည်။

Dawei Watch