ထားဝယ်စည်ပင်ဈေးကြီးရှိ ရွှေဆိုင်ခန်း ငှားရမ်းခ တစ်လ ကျပ်သုံးသောင်း ကောက်ခံရန်ပြင်

0
986

ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး ပတ်လည်တွင် ခင်းကျင်းရောင်းချ နေသည့် ရွှေဆိုင်အခန်းများ ငှားရမ်းခ တစ်လလျှင် ငွေကျပ်သုံးသောင်း ကောက်ခံရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြင်ဆင်နေသည်။

လက်ရှိတွင် ရွှေဆိုင်အခန်းငှားခကို ကျပ် ၃၀၀၀ မှ ကျပ် ၆၅၀၀ အထိသာ ကောက်ခံနေရာမှ လာမည့် အောက်တိုဘာလ(၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်)မှစတင်ကာ သုံးသောင်းကျပ် ကောက်ခံရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ထိုသို့ တိုးမြင့်ကောက်ခံရန် မြို့နယ် စည်ပင်ကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက စက်တင်ဘာလ ၂၅ ရက်တွင် ရွှေဆိုင်လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးခဲ့သည်။

လက်ရှိကောက်ခံနေသည့်နှုန်းထားမှာ ခေတ်ကာလနှင့် လျော်ညီခြင်းမရှိတော့သည့်အတွက် ဆိုင်ခန်းငှားခတိုးရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင် ဦးဇော်လေးက ဆိုသည်။

“လခတိုးတောင်းတာသည် ဈေးသန့် ရှင်းရေးအတွက် သန့်သန့်ရှင်းရှင်းဖြစ် အောင် လူဝင်ချင်တဲ့ဈေးဖြစ်အောင်လုပ်ဖို့ လိုအပ်နေလို့ တောင်းဆိုတာ”ဟု ဦးဇော်လေးက ပြောသည်။

ထားဝယ်စည်ပင်သာယာဈေးကြီးပတ်လည်တွင် ရွှေဆိုင်ပေါင်း ကိုးဆယ်ကျော်ရှိပြီး တိုးမြင့်ကောက်ခံမည့်ငွေ ကြေးပမာဏမှာ ရွှေဆိုင်ရှင်များအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါရွှေဆိုင်ခန်းတစ်ခန်း၏ အကျယ်အ၀န်းမှာ ၈ ပေ x ၁၀ ပေ မှ ၄ ပေ x ၁၀ ပေအထိ အရွယ်အစား အမျိုးမျိုးရှိကြပြီး ယင်းဆိုင်ခန်းများကို ငွေကျပ်သိန်းတစ်ထောင်ခန့်အထိ အရောင်းအ၀ယ်ပြုလုပ်နေကြသည်ကို သိထားကြောင်း ဦးဇော်လေးက ဆိုသည်။

ရွှေဆိုင်ရှင်အချို့ကမူ ဆိုင်ခန်းခကို တစ်လလျှင် ကျပ်တစ်သောင်းခန့်သာ သတ်မှတ်ရန် လိုလားနေကြောင်း အထက်ပါ ဆွေးနွေးပွဲသို့ တက်ရောက်သည့် ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရွှေဆိုင်ရှင်များအနေဖြင့် ဆိုင်ခန်းခအပြင် စည်ပင်သာယာအဖွဲ့ကို ဘေးအန္တရာယ် လုပ်ငန်းလိုင်စင်အတွက် ပျမ်းမျှ ကျပ်တစ်သိန်းနှင့် ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်များလည်း နှစ်စဉ် ပေးဆောင်နေရသေးကြောင်း ဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ ကောက်နေတဲ့ဈေးနှုန်းအတိုင်းပဲ ဖြစ်စေချင်တယ်”ဟု အဆိုပါလုပ်ငန်းရှင်က ဆိုသည်။

ရွှေဆိုင်ခန်းငှားရမ်းခနှင့် ပတ်သက်၍ စည်ပင်ကော်မတီနှင့် ရွှေဆိုင်လုပ်ငန်းရှင်များ ဆက်ဆွေးနွေးရန် စက်တင်ဘာ လ ၂၉ ရက်ကို ပြန်လည်ချိန်းဆိုထားသည်။

တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက် အရ စည်ပင်ထံတွင် ငှားရမ်းထားသူထံမှ ဆိုင်ခန်းတစ်ဆင့်ခံ ငှားရမ်းပါက တစ်လလျှင် ကျပ်လေးသိန်းအထိ ပေါက်ဈေးရှိ နေသည်။

Dawei Watch