မွန် ဆိုင်ကယ်လိုင်စင် ပွင့်လင်းရာသီမှ ပြုလုပ်ပေးမည်

0
606

မွန်ပြည်နယ်တွင် လိုင်စင်မဲ့ဆိုင် ကယ်များကို ပွင့်လင်းရာသီရောက်မှသာ လိုင်စင်ပြုလုပ် ပေးတော့မည်ဖြစ်ကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှူး ဦးစီးဌာနထံမှ သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသ လိုင်စင်ပြုလုပ်ပေးရန် သြဂုတ်လ ၁ ရက် က ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ် သော်လည်း လက်တလော ကြုံတွေ့နေရ သည့် သဘာဝဘေးကြောင့် ပွင့်လင်း ရာသီရောက်မှသာ ပြုလုပ်ပေးဖြစ်တော့ မည်ဟု အထက်ပါဌာန ညွှန်ကြားရေးမှူး ဒေါ်သိင်္ဂီတိုးက ပြောသည်။

“အခုက မွန်ပြည်နယ်မှာ သဘာဝ ဘေးတွေ ကျရောက်နေတယ်။ ပြည်သူ တွေ စိတ်ဆင်းရဲမှုတွေ ရှိနေတဲ့အခါမှာ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင် ဖို့အတွက် ပွင့်လင်းရာသီတစ်ခုကို ရွေး ချယ်တာပဲ ဖြစ်တယ်”ဟု ဒေါ်သိင်္ဂီတိုးက ဆိုသည်။

မွန်လိုင်စင်ကို ၂၀၀၀ ခုနှစ်နောက် ပိုင်းထုတ် မော်တော်ဆိုင်ကယ်များအား ပြုလုပ်ပေးမည်ဖြစ်ပြီး ဆိုင်ကယ်အမျိုး အစားအလိုက် ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအနေနှင့် ပေး ဆောင်ရမည့်အပြင် ကညန၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ် ၀န်ဆောင်ခများလည်း ပေးဆောင်ရမည် ဟု ၎င်းက ဆက်ပြောသည်။

ဆိုင်ကယ်လိုင်စင်များကို မွန် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနပေါင်း ၁၃ ခုတို့က ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည်။

သထုံမြို့နှင့် မော်လမြိုင်မြို့တို့တွင် အခြေပြု စတင်ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်မြို့နယ်များကိုလည်း Team (ရွေ့လျားအဖွဲ့)ဖြင့် ဆက်လက် လုပ်ပေးသွားမည်ဟု ဒေါ်သိင်္ဂီတိုးက ပြောသည်။

ဆိုင်ကယ်လိုင်စင် ပြုလုပ်မည့်ရက် အတိအကျနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အစရှိသည့် အသေး စိတ်အချက်အလက်များကို လိုင်စင် မပြုလုပ်ခင် အနည်းဆုံး ၁၅ ရက် ကြိုတင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကညနရုံးထံမှ သိရသည်။

“ဒေသလိုင်စင်လုပ်ပေးတာက ကောင်း တဲ့အစီအစဉ်ပဲ။ ဒါပေမယ့် ဒဏ်ကြေး အနေနဲ့ ပေးသွင်းရမယ့်ဟာ ဒေသပေါက် ဈေးသတ်မှတ်တဲ့အခါ မများအောင်လည်း သတ်မှတ်ပေးဖို့ လိုပါတယ်၊ ဒါမှလည်း အားလုံးလာလုပ်ကြမှာ။ မဟုတ်ရင် ဒဏ် ကြေးများလို့ဆိုပြီး လာမလုပ်ကြရင် လိုင်စင်မဲ့က ဒီအတိုင်းပဲ များနေဦးမှာပဲ”ဟု မော်တော်ဆိုင်ကယ် အရောင်းအ၀ယ် ပြုလုပ်နေသူ ကိုမင်းစိုးက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထိ မှတ်ပုံတင်ထား သည့် မော်တော်ဆိုင်ကယ် အစီးပေါင်း လေးသိန်းနီးပါးရှိကြောင်း  မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနရုံးစာရင်းအရ သိရသည်။

ယဉ်စနိုင်း