လော့လော့ပုစွန်ကန် သိမ်းဆည်းမြေ အစားပြန်မရသေးဟုဆို

0
551

မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာတွင် ပုစွန်ကန် လုပ်ဆောင်ရန် သိမ်းဆည်းခဲ့သည့် လယ်ယာမြေများ အစားပြန်မရသေးကြောင်း ရွာသားအချို့က ပြောသည်။

လော့လော့ကျေးရွာတွင် လယ်ယာ မြေ၊ ဓနိမြေနှင့် တောရိုင်းမြေအပါအ၀င် မြေဧက ၄၂၀ ကို ငါးလုပ်ငန်းဦးစီးဌာနက ပုစွန်ကန်စီမံကိန်းလုပ်ဆောင်ရန် ၂၀၀၃ ခုနှစ်က သိမ်းယူခဲ့ပြီး တောင်သူများကို မြေအစားပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ မရရှိသေးဟု  ယင်းကျေးရွာနေ တောင်သူအချို့က ပြောသည်။

“အခုချိန်ထိ အစားပြန်မပေးတော့ သူများရွာတွေမှာ ရင်ခ(သူရင်းငါး)လိုက် လုပ်နေရတယ်”ဟု လယ်မြေနှင့် ဓနိတော မြေ ၁၂ ဧက သိမ်းခံခဲ့ရသည့် လော့လော့ရွာသား ဦးတင်ထွန်းက ပြောသည်။

စတင်သိမ်းယူသည့်အချိန်က ပြောင်းရွှေ့စရိတ်အဖြစ် ၁ ဧကလျှင်ငွေကျပ် ၃ သောင်းကို ငါးဦးစီးဌာနမှ လာရောက်ပေးခဲ့ပြီး နောက်ထပ်စီစဉ်ဆောင်ရွက်ပေးခြင်း မရှိတော့ဟု ရွာသားအချို့က ဆိုသည်။

သိမ်းဆည်းခဲ့သည့် မြေဧက ၄၂၀ တွင် တောင်သူ ၂၂ ဦး၏ ဓနိတောမြေ နှင့်လယ် ၂၇၀ ဧက ပါဝင်ပြီး ဧက ၁၅၀ သည် ဒီရေတော မြေရိုင်းများ ဖြစ်ကြောင်း လော့လော့ရွာသားများနှင့် ကျောက်ဖျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

အသိမ်းခံရသည့် လယ်သမားများမှ လယ်ပြန်လုပ်ခွင့်ရရှိရေး၂၀၁၅ ခုနှစ်မှ စတင်ကာ တိုင်းဒေသကြီးအစိုးရသို့ အကြိမ်ကြိမ် စာတင်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက နိုင်ငံတော် သမ္မတရုံးသို့ စာဖြင့် တင်ပြတောင်းဆိုခဲ့ရာ ၂၀၁၉ ဇန်န၀ါရီ ၈ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ  လိုအပ်သလို ဆက်လက် စိစစ်ဆောင်ရွက်သွားမည်ဟု အကြောင်းကြားစာ ပြန်လည်ပေးပို့လာသည်ဟု ဦးတင်ထွန်းက ဆိုသည်။

“စာရပြီးတဲ့နောက်ပိုင်း ခုချိန်အထိ ဘယ်ဌာနမှ လာရောက်စစ်ဆေးတာလည်း မရှိသလို ခေါ်ယူမေးမြန်းတာလည်း မရှိ ဘူး”ဟု ၎င်းက ပြောသည်။

လော့လော့ကျေးရွာတွင် အိမ်ခြေ ၁၃၀ ရှိပြီးအများစုမှာ လယ်ယာလုပ်ကိုင် နေရသူများဖြစ်သောကြောင့် လယ်သမား များသည် အခြားရွာများတွင် သူရင်းငှား အလုပ်နှင့် ကြုံရာကျပန်းအလုပ်များလုပ် ကိုင်နေရသည်ဟု လယ် ၅ ဧက အသိမ်းခံ ခဲ့ရသည့် လော့လော့ရွာသား ဦးတင်ဆွေက ပြောသည်။

“ပြည်သူ့ အစိုးရအနေနဲ့ လယ်သမားတွေ လယ်ပြန်ရရေး ကူညီဆောင်ရွက်ပေးစေချင်တယ်”ဟု ဦးတင်ဆွေက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြိတ်မြို့နယ်ငါးဦးစီဌာနထံ သွားရောက်မေး မြန်းရာ တာဝန်ရှိသူတစ်ဦးက လက်ရှိ ၀န်ကြီးချုပ်၏မြိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲ၌ ရွာသားများအား ရှင်းလင်းပြောပြခဲ့ပြီးသည့်အပြင် တိုင်းအစိုးရ၀န်ကြီးချုပ်ရုံး သို့လည်း သွားရောက်ရှင်းလင်း တင်ပြခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

သိမ်းဆည်းမြေနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ဖြေဆိုရင် ငြင်းဆန်ခဲ့သည်။

သိမ်းဆည်းထားသည့်မြေပေါ်တွင် ဗင်းတေ့ခ်ျကုမ္ပဏီက ပုစွန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ေ နကြောင်း ဒေသခံ အချို့နှင့် ကျောက်ဖျာကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ကိုဆန်း