ထားဝယ်လေယာဉ်ကွင်း အဆင့်မြှင့် မည်

0
1689

ထားဝယ်လေယာဉ်ကွင်းအား ချဲ့ထွင်ခြင်း၊  ပြေးလမ်းနှင့် အဆောက်အအုံများကို အဆင့်မြှင့်ခြင်းလုပ်ငန်းများ ပြုလုပ် သွားရန်ရှိကြောင်း  တနင်္သာရီတိုင်းဒေသ ကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

မူလ လေယာဉ်ကွင်းပိုင်မြေဧရိယာမှာ ၃၆၄ ဒသမ ၆၇၇ ဧကရှိရာ အဆင့်မြှင့် လုပ်ငန်းအတွက် ၂၄၁ ဒသမ ၀၁၆ ဧကအား မြေသိမ်းသည့်လုပ်ငန်းဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရက ပြောသည်။

ထိုကြောင့် အဆင့်မြှင့်မည့် လေယာဉ်ကွင်းဧရိယာမှာ ၆၀၅ ဒသမ ၆၉၃ ဧက ရှိလာမည် ဖြစ်သည်။

“အဆောက်အအုံပိုင်းရော ပြေးလမ်းပိုင်းရော အဆင့်မြှင့်မယ်”ဟု ၀န်ကြီး ဦးအောင်သူရက ပြောသည်။

အဆင့်မြှင့်ရန် သိမ်းထားသည့်မြေတွင် တပ်မြေနှင့် ဂေါက်ကွင်းမြေ အများဆုံးပါဝင်ကာ လူနေအိမ် ၁ ဒသမ ၇၆၄ ဧက ပါဝင်ကြောင်း သိရသည်။

တနင်္သာရီအပတ်စဉ်မှ ကြည့်ရှုခွင့် ရခဲ့သည့် လေယာဉ်ကွင်းချဲ့ထွင်အဆင့် မြှင့်စီမံကိန်းမြေပုံအရ လူနေအိမ်၊ အဝေး ပြေးကားကွင်းနှင့် လူအများအသုံးပြုနေသည့် ကားလမ်းမများ စီမံကိန်းဧရိယာ အတွင်း မပါဝင်ပေ။

အဆင့်မြှင့်လုပ်ငန်း မည်သည့်အချိန်တွင် စတင်မည်ကိုမူ မသိရသေးပေ။

“လုပ်ငန်းကို တိုင်းကလုပ်မှာ မဟုတ်ဘူး။ ပြည်ထောင်စုက တင်ဒါခေါ်ပြီး လုပ်မှာ”ဟု ဦးအောင်သူရက ပြောသည်။

လက်ရှိ ထားဝယ်လေယာဉ်ကွင်းမှာ သန့်ရပ်သန့်ရှင်းမှု နည်းပါးကြောင်း ဒေသခံအချို့နှင့် ခရီးသွားအချို့က ဝေဖန်မှု ရှိနေသည်။

Dawei Watch