အဝေးရောက်ဝဿန်၌ လွမ်းမိခဲ့ခြင်းများ

0
1149

ဖြူလွလွတောင်ခိုးများ ရစ်သီဝဲပျံ့နေတတ်သော ညို့မှိုင်းမှိုင်းတောင်တန်းကြီးဆီ ငေးနေမိသည်။ မိုးမှုန်ငယ်များကိုခေါ်လာ သောလေသည် ကျွန်တော့်ကို အမြဲလိုလို လာရောက်ပွေ့ဖက်မြဲနေရာဖြစ်သည့် ကောလိပ်အဆောက်အဦ၏ ခေါင်မိုးပေါ် ထိုင်ရင်း အေးစိမ့် စိမ့်အရသာကို ကျွန်တော် ကောင်းကောင်းခံစား တတ်နေခဲ့ပြီ။

သည်နေရာဒေသတွင် အချိန်အတော် များများက အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် အောက်သာ ရှိတတ်သဖြင့် မြန်မာပြည် တောင်ဖျား ပူနွေးစိုစွတ်ရာဒေသတွင် ကြီး ပြင်းလာခဲ့သော ကျွန်တော့်အဖို့ အမြဲလိုလို အနွေးထည်လေး ၀တ်ထားရသည်။

စိန်လုံဟု ဒေသခံတို့ခေါ်သော တောင်တန်းကြီးကို ငေးရသည်က ကျွန်တော့် အလုပ်တစ်ခု။ ထိုသို့ငေးနေရင်းက မြို့နေလူ အတော်များများ လမ်းလျှောက် ထွက်တတ် ကြသည့် လွယ်ဒေါင်ဘွမ်ဟုခေါ်သော တောင်ကုန်းလေးဆီ တစ်ခါတလေ အကြည့်ရောက် သွားတတ်သည်။ ယခုမူ ခပ်လှမ်းလှမ်း တောင်ခြေရှိ ထင်းရှူးတောအုပ်လေးများဆီသို့ ကြည့်ဖြစ်သည်။ ထင်းရှူးတောအုပ် လေး၏နံဘေးတွင် မြက်ခင်းစိမ်းစိမ်းကွင်း ပြင်ကြီး။ ထိုကွင်း၏ တစ်ဘက်တွင်မူ မျက်စိ တဆုံး ထိုးထိုးထောင်ထောင်ကြည့်၍ မကုန် ပါလေသော တိုက်တာအဆောက်အအုံ အနန္တတို့ တည်ရှိနေသော တရုတ်ပြည်နယ်စပ်မြို့ကလေး။

ထိုတိုက်တာတို့အကြား ကုန်းကမူလေးဝယ် ထင်းထင်းရှိနေသော စေတီတစ်ဆူကို လှမ်း၍ ဖူးတွေ့လိုက်ရသည်။ ထိုစေတီငယ် ကို တွေ့ရခြင်းသည်ပင် ၀ါဝင်ရန် နောက်နှစ် ရက်သာလိုတော့သည်ကို သတိရမိသွားသည်။ နောက်တော့ အနှီကောလိပ်လေးတွင် ဗုဒ္ဓဘာသာဟူ၍ ကိုယ်တစ်ယောက်တည်းရှိ ပါလားဟူသော အသိ၊ ဤနေရာမှ မိုင်ထောင်ချီဝေးရာ ကိုယ့်ထားဝယ်ဒေသ၏ ၀ါဝင်ကန်တော့ဓလေ့ကို တမ်းတမ်းတတ လွမ်းစိတ်တို့သည် ကျွန်တော် ရင်ထဲဝယ် သည်းသည်းမဲမဲ ရွာချနေတော့သည်။ အပြင်က မိုးထက် အဆများစွာ သည်းပါ ပေါ့လား။

၂၀၁၈၊ ဇူလိုင်ဆန်းစကတည်းကပင် မိုင်ဂျာယန်မြို့ကလေးက မိုင်ဂျာယန်အမျိုး သား ကောလိပ်လေးသို့ အလုပ်သင်ဆရာ အဖြစ်ရောက်နေခဲ့သည်။ မိုင်ဂျာယန်ဆို သည်ကား အဆက်အသွယ် မရှိသူတစ် ယောက်အဖို့ လွယ်လွယ်ကူကူ သွား၍ရ ကောင်းသည့်နေရာမဟုတ်၊ ဝေးလံခေါင်သီ လှသည့် ကချင်ပြည် တစ်နေရာမှ တရုတ် မြန်မာ နယ်စပ်မြို့ကလေး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က စီမံအုပ်ချုပ်နေသည့် မြို့ငယ်လေးတစ်ခုသာ။ စစ်ဘေးဒဏ်ကြောင့် မြို့ကလေးတွင် လူမနေသည့် စွန့်ပစ်ခံ အဆောက်အအုံများ နေရာအနှံ့ရှိနေ၏။ ပျက်ယွင်းစပြုနေသည့် ထိုအဆောက်အဦ များအတွင်း၌ ဖရိုဖရဲဖြစ်နေသည့် အိုးခွက်များ၊ ကွဲအက်ကျိုးပျက်နေသော ပြတင်း တံခါး၊ မှန်များ၊ ပင့်ကူအိမ်များ ဖုန်များတက်ကာ ငြိမ်သက်နေသော ပရိဘောဂများသည် စစ်လက်ကျန်အနိဋ္ဌာရုံပြကွက်တစ်ခုအလား မြို့ကလေးအနှံ့ တည်ရှိနေသည်။

ကချင်အများစုနှင့် ရှမ်း၊ တရုတ်အချို့ နေထိုင်ကြနေကြသေးသည့် မြို့ကလေး၏ ရာသီဥတုသည် အမြဲအေးစက်စက်။ တစ်ခါခါတွင် တပတ်လုံးလုံးမစဲသော မိုးရွာသည်။ ထိုရက်မျိုးတွင် အအေးဓာတ်သည် လည်း တစိမ့်စိမ့် တိုးလာစမြဲ။ အအေးဓာတ် နှင့်အတူ နေရပ်ကို လွမ်းသောစိတ်တို့လည်း တိုးရစမြဲ။

ငယ်ငယ်ကဆိုလျှင် ၀ါဝင်ဝါထွက် တိုင်း ကျွန်တော်တို့မောင်နှမတတွေ အဖွား နှင့်ဆွေမျိုးများထံ သွားကန်တော့စမြဲ။ အဖွားထံရောက်လျှင် အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် ဘီစကစ်ထုပ်လေးများကလွဲ၍ ကန်တော့ပစ္စည်းဟူ၍ ဘာမျှမည်မည်ရရ မပါပေသိ လက်ဆယ်ဖြာထိပ်မှာမိုး ဦးချ ရှိခိုးကန်တော့တိုင်း အဖွားက တတွတ်တွတ် ဆုပေးတတ်သည်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဟုဆိုကာ ဦးချလိုက်ရသော်လည်း အဖွား ချွေးခံအင်္ကျီအိတ်သေးသေးလေးထဲက ငွေစ လေးတွေ မထွက်လာမချင်း ကျွန်တော်တို့ မပြည့်စုံသေးဟု ခံစားရသည်။

“ရော့..ခွဲယူကြ” ဟူ၍ အဖွားပေးသော ငွေစက္ကူများသည် တန်ဖိုးနည်းသည်ဖြစ် ဖြစ်များသည်ဖြစ်ဖြစ် ကျွန်တော်တို့အဖို့ ပျော်ရွှင်မှုပင်။ ဘကြီး၊ ဦးကြီးများထံ သွား ကန်တော့တော့လည်း ထိုနည်းပင်ဖြစ်သည်။ ယခုတော့ အဖွားကွယ်လွန်ခဲ့သည်ပင် ၅ နှစ်လောက်ရှိခဲ့ပြီ။ ပြန်မရနိုင်လေတော့ သော အတိတ်သာ လွမ်းစရာအဖြစ် ကျန်ခဲ့သည်။ မွေးရပ်နှင့် ရိုးရာဓလေ့တို့ ဝေးရာ အရပ်တပါးသို့ ရောက်နေသူအဖို့ ထိုအရာတို့ က ပို၍လွမ်းစရာပင်။

။။                 ။။          ။။

“နမောတဿ ဘဂ၀တော အရဟ တော သမ္မာသမ္ဗုဒ္ဓဿ”… အသံချဲ့စက်မှ ပျံဝဲလာသော အသံဝဲ၀ဲကို ရုတ်တရက် ကြားလိုက်ရလျှင် အတော်အံ့အားသင့်မိကာ အသံကို ဆက်နားထောင်နေမိသည်။ ခရစ်ယာန် အများစုနေသည့် ဤမြို့ငယ်လေးတွင် ထိုသို့ကြားရလိမ့်မည်ဟု မျှော်လင့်မထား။ ကျောင်းကိုရောက်စက ကျောင်းအုပ်ကြီးက ကျွန်တော်ကို “ဆရာဒီမှာ ရှမ်းဘုန်းကြီး ကျောင်းတော့ ရှိတယ်”ဟုဆိုသည်ကို ပြန် သတိရလာမိသည်။

ဟုတ်ပါရဲ့။ ရှမ်းအသံဝဲ၀ဲနဲ့ ဓမ္မစကြာ ရွတ်နေတာပါလား။ ၀ါဝင်ပြီကိုး။ ဘုန်းကြီးကျောင်း ရှိသည်ကို သိလိုက်ရသဖြင့် စိတ်အားတက်ရသည်။ နောက်တော့ထို ဘုန်းကြီးကျောင်းကို ရောက်ဖြစ်ခဲ့သည်။ ရှမ်းဗုဒ်္ဓဘာသာဝင်အနည်းစုသာရှိသော် လည်း ကျောင်းကြီးကား ထည်လှသည်။ ၀ါတွင်း အပတ်စဉ် အဖိတ်ဥပုသ်တိုင်း ထို ကျောင်းက ဓမ္မစကြာရွတ်သံကြားရသည်။ ကျွန်တော်လည်း အပတ်စဉ် ဥပုသ်စောင့် ဖြစ်သည်။ ဘုန်းကြီးကျောင်းကိုတော့ အပတ်စဉ် မသွားဖြစ်ခဲ့။ ကျောင်းက စနေ၊ တနင်္ဂနွေနှင့် ဒေသရုံးပိတ်ရက်အချို့တွင်သာပိတ်သည်မို့ တခါတလေတွင် ဥပုသ်စောင့်ရင်း စာသင်ရသည်။ ပြဿနာတော့ မရှိခဲ့။

သည်လိုနှင့် မိုးရက်များ တဖြည်းဖြည်း ကုန်ကာ အအေးဓာတ်ပိုကဲကဲလာခဲ့သည်။ သီတင်းကျွတ်လထဲရောက်လာသည်။ ကျောင်း အနီးအနားက ကလေးတွေ ဗြောက်အိုး ဖောက်သံမကြား၊ မီးပုံးပျံတွေကိုမတွေ့ရ။ တရုတ်ပြည်ဘက်တွင်တော့ မကြာခဏ မီးရှူးလွှတ်တာ တွေ့ရကြားရသည်။ ညဘက်ဆိုလျှင် ကြည်၍နေသောကောင်း ကင်တွင် မီးပုံးပျံကို တွေ့လိုတွေ့ငြားငေးရ သည်။ မှိတ်တုတ်မှိတ်တုတ် လက်နေသည့် ကြယ်များမှလွဲ၍ လခြမ်းကွေးလေးသာ တဖြည်းဖြည်း ကြီးကြီးလာသည်။ မီးပုံးပျံ ဟူ၍ မြင်ရခဲဘိခြင်း။ ထားဝယ်သို့လွမ်းသော စိတ်သည် ရင်ဝယ်တဖန်ပြန်၍နိုးလာ နေလေပြီ။

။။                 ။။        ။။

“ဖုံး… ရွှီး… ဖောက်ဖောက်ဖောက်”… “ဟဲ့ကလေးတွေ … ဝေးဝေးမှာသွားဖောက်”၊ “ရဲလာဖမ်းမယ်၊ မဖောက်နဲ့”…။ သီတင်း ၀ါလကျွတ်တော့မည့် အရိပ်အယောင်အကြို သင်္ကေတအဖြစ် ကလေးများသည် လူကြီး များတားနေသည့်ကြားက ဗြောက်အိုး မီးပန်းများဖောက်ကြ၊ မီးရှူးလွှတ်ကြမည်။ လူကြီးတွေက အိမ်တွင် ရောင်စုံမီးပုံးလေး များ၊ မီးဆိုင်းကြိုးများထွန်းမည်၊ မီးပုံးပျံ လွှတ်မည်။ သပိတ်မျှောဖို့ ပြင်ကြဆင် ကြမည်။ သီတင်းကျွတ်လပြည့်နေမတိုင်မီ အဖိတ်ဆိုလျှင် သပိတ်မျှောဖို့ပြင်ဆင်ခြင်း လက်စသပ်ပြီ။ ပျော်ကြရွှင်ကြပြီ။ ဘုရားစေ တီကျောင်းကန် လမ်းတွေ အိမ်တွေမှာ ဆီမီးထိန်ထိန်။ ရောင်စုံလျှပ်မီးထိန်ထိန်။ လင်းထိန်နေသည့် လမင်းကြီးနှင့်အပြိုင် မီးပုံးပျံများက ကောင်းကင်တွင် လင်းထိန် ပျံဝဲလျက် တာဝတ်္တိံသာမှ ကြွဆင်းလာမည့် မြတ်စွာဗုဒ္ဓကို ပူဇော်နေကြမည်။ ညဘက် တွင် ရိုးရာမုန့်များတည်ခင်းသည့် နိဗ္ဗာန် ဈေးများသည်လည်း ပျော်ရွှင်ကြည်နူးမှုများ အပြည့်နှင့် အေးမြနေမည်။ လပြည့်နေ့မနက် စောစောဆိုလျှင်ထားဝယ်မြစ်အတွင်းရှိ ရေဆိပ်အသီးသီးမှကာတိုးဝှေ့ကာဖြင့် သပိတ် မျှောလျက် ရှင်ဥပဂုတ္တမထေရ်ကိုပူဇော်ကြ မည်။

။။                 ။။                    ။။

အိုး … စဉ်းစားကြည့်လျှင်ကြည်နူးဖွယ် အတိ။ ယခုမူ ဤကောလိပ်ကလေးတွင် သီတင်းကျွတ်နှင့်သက်ဆိုင်သူဟူ၍ ကိုယ်တစ်ယောက်တည်းပါလားဟူသော အတွေး က ကျွန်တော့်ကို အထီးကျန်စေပြန်သည်။ ဤသို့အထီးကျန်နေ၍လည်းမဖြစ်။ ကုစားရန် နည်းရှာရပေမည်။

သီတင်းကျွတ်လဆန်း ၁၄ ရက်၊ အဖိတ် နေ့။ မိုင်ဂျာယန်သည် အအေးဓာတ်ပိုလာ သည်မှလွဲ၍ ပုံမှန်အတိုင်းပင်။ ၀ယ်နေကျ တရုတ်ကုန်စုံဆိုင်လေးသို့သွားကာ ဖယောင်းတိုင် အရွယ်စုံ၊ မုန့်အချို့နှင့် စက္ကူ မီးပုံးများ ၀ယ်ရန် သွားခဲ့သော်လည်း ဆိုင်ရှင်က ကျွန်တော်ပြောမှ သီတင်းကျွတ်တော့မည်ကို သတိရကြောင်း၊ စက္ကူမီးပုံးလေးများ မရှိကြောင်း ပြောသည်။ ဖယောင်းတိုင်နှင့် မုန့် အချို့ ယွမ် ၂၀ ဖိုးလောက် ၀ယ်ခဲ့သည်။ သစ်သီးဆိုင်သို့ဝင်ကာ သစ်သီးတချို့လည်း ၀ယ်ခဲ့သည်။ ယနေ့ည မီးစထွန်းမည်။ လပြည့်နေ့  မုန့်သစ်သီးများ ဆွမ်းကပ်မည်။ ဘုန်းကြီးကျောင်းကိုတော့ လှမ်းသဖြင့် မသွားတော့ဟု ဆုံးဖြတ်လိုက်သည်။

သည်လိုနှင့် အဖိတ်နေ့ညတွင် ကျွန်တော့် အခန်းရှေ့ ကော်ရစ်ဒါ လက်ရန်းလေးတွင် ဖယောင်းတိုင်ထွန်းကာ သီတင်းကျွတ်မီး ထွန်းပွဲကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ရ သည်။

“ဒုံ..ချမ်း…ချမ်း.. နောင်း.. နောင်း..”မနက်စောစော အရုဏ်အလင်းလေးပင်မပေါ်သေးသည့်အချိန်၌ အိုးစည် လင်းကွင်း မောင်းသံများ သဲ့သဲ့ကြားရသည်။ စည်းချက် ညီညီ ရှမ်းအိုးစည်အသံပင် ဖြစ်သည်။ အသံကို နားထောင်ကြည့်ရာ မြို့အနှံ့ လှည့်ရင်း တီးခတ်နေဟန် ရှိသည်။ ထိုအသံသည်ပင် ကျွန်တော့်ကို အိပ်ရာမှ လန်းဆန်းစွာ နိုးစေသည်။ အားတက်လာစေသည်။ သီတင်း ကျွတ်လပြည့်နေ့ သီတင်းကျွတ် ပွဲတော်ကို အလေးထားဆင်နွှဲသူမှာကိုယ့် တစ်ယောက်တည်း မဟုတ်ပါလားဟု ခံစားကြည်နူးရသည်။

ထိုမနက်တွင် ကျွန်တော်ပြင်ဆင်ထား သည့်အတိုင်း မုန့်၊ သစ်သီးများနှင့် ဘုရား ဆွမ်းကပ်ကုသိုလ်ယူသည်။ မနက်စောစော ကော်ရစ်ဒါ လက်ရန်းတွင်ဖယောင်းတိုင် ထွန်းကာ မီးပူဇော်သည်။ ကျောင်းဖွင့်သဖြင့် စာသင်ခန်းသို့ သွားကာ စာမသင်မီ တပည့်များကို ဆွမ်းတော်စွန့် မုန့်၊ သစ်သီးများ ကျွေးဖြစ်သည်။ စားလိုက်ကြသည်မှာ ခဏအတွင်း ပန်းကန်ပြောင်သည်။ သီတင်းကျွတ်မီးထွန်း ပွဲအကြောင်း၊ ထားဝယ်ဓလေ့သပိတ်မျှောပွဲအကြောင်း သူတို့ကို ပြောပြဖြစ်သည်။ ညကျလျှင် ဆရာနှင့်အတူ မီးထွန်းကြမလားဟု ပြောရာ အားလုံးက ပျော်ပျော်ကြီးခေါင်း ညိတ်ကြသည်။ မှတ်မှတ်ရရ ထိုလပြည့်ည က ထိန်ထိန်သာနေသည့် လမင်း၏ အေးမြသော ငွေရောင်အလင်းအောက်ဝယ် ကျောင်းစာသင်ခန်းများရှေ့က ကွက်လပ် ကလေးတွင် တပည့်များနှင့်အတူ ကျောင်း နာမည်အတိုကောက်စာလုံးဖော်ကာ မီးထွန်းပွဲကို ဖြတ်ကျော်ခဲ့ရသည်။

မည်သည့်ယဉ်ကျေးမှုရိုးရာဓလေ့ကို မဆို ကျွန်တော်တို့ လူသားအားလုံးသည် ပကတိဖြူစင်သောနှလုံးသားဖြင့် ခံစား နိုင်ကြမည်ဟု ကျွန်တော်ယုံကြည်သည်။ အကယ်၍ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို မိမိကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ကသာ အကောင်းဆုံး၊ အမြတ်ဆုံးဟုတွေးထင်ကာ တခြားသော ယဉ်ကျေးမှု ရိုးရာဓလေ့တို့ကို အထင်မသေးခဲ့လျှင်ပေါ့။ ထိုညက လမင်းကြီးသည် သာမန်လပြည့်ညများထက် ပို၍လှလျက် ကျက်သရေ ရှိလျက် အရောင် ရွှန်းလဲ့လျက် အတော်ပင်လှနိုင်အားရက် သည်ဟု ကျွန်တော် ထင်ပါသည်။

ကောင်းနေအောင်