ချန်ရစ်သူနဲ့ ကျန်ရစ်သူ

0
440

တစ်ဦးနဲ့တစ်ဦး ဘယ်လောက် အားကိုးချစ်ခင် နေပါစေ။ ဘယ်လောက် တွယ်တာနှောင်ဖွဲ့ ကြပါစေ။ ခွဲခွာရတဲ့နေ့ ဆိုတာ တစ်နေ့နေ့တော့ ရောက်လာစမြဲပါ။ ရှင်ကွဲမခွဲရရင်တောင် သေကွဲကတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာကြရတဲ့ အခါ ကိုယ်က ချန်ရစ်သူ ဖြစ်ရတဲ့အခါမျိုး လည်း ရှိသလို၊ ကျန်ရစ်သူ ဖြစ်ရတဲ့အခါမျိုး လည်း ရှိပါတယ်။

ချန်ရစ်သူနဲ့ ကျန်ရစ်သူမှာ ဘယ်သူရဲ့ သောကထုထည်က ပိုကြီးပြီး၊ ဘယ်သူက ပိုခံစားရပါသလဲ။

သစ်ကိုင်းလေးတစ်ခုမှာ နားနေတဲ့ ငှက်လေးတစ်ကောင် ထပြန်သွားတဲ့အခါ လှုပ်ခတ်ကျန်ခဲ့တဲ့ သစ်ကိုင်းနဲ့ ထပြန် သွားတဲ့ ငှက်လေး ဘယ်သူက ပိုပြီး ၀မ်းနည်းလှုပ်ခတ်လေမလဲ။

“သမီး ငယ်ငယ်တုန်းက အိမ်နဲ့ခွဲပြီး မြို့မှာ ကျောင်းသွားတက်ခဲ့ရတာက သမီးကို စိတ်ဒဏ်ရာ အကြီးအကျယ် ရစေခဲ့တယ်။ အဲဒါ အရင်ဘ၀တုန်းက သူများချစ်ခြင်းကို ခွဲခဲ့လို့ အခုဘ၀မှာ ချစ်တဲ့သူတွေနဲ့ ခဏခဏ ခွဲနေရတာ မဟုတ်လားအမေ”လို့ အခု အမေ့ကို ပြန်ပြောတော့-

အမေက “အဲဒါ ၀ဋ်ကြွေးမဟုတ်ဘူး။ ပညာရေးကြောင့်သွားရတာလေ”တဲ့။

“ဟင့်အင်း- မဖြစ်နိုင်ဘူးအမေ။ ပညာ ရေးတို့၊ ကျန်းမာရေးတို့ဆိုတာ အကြောင်း ပြချက်သက်သက်ပါ။ သူတစ်ပါးရှင်ကွဲကွဲ အောင် ခွဲခဲ့ဖူးလို့ပဲ ဒီဘ၀မှာ ချစ်တဲ့သူတွေနဲ့ ခဏခဏ ရှင်ကွဲ ကွဲနေရတာ”

ကျွန်မ အဲဒီလို ဆင်ခြေတက်ရင် အမေက နှုတ်ဆိတ်နေတတ်တယ်။

ကျွန်မနဲ့ အမေ တူညီတာတစ်ခု ကတော့ ကျန်ရစ်သူဖြစ်မှာ စိုးရိမ်ကြတာ ချင်း တူတာပါပဲ။ အမေက အသက်ကြီးလို့ သဘာဝတရားအရ ကျွန်မထက်အရင် လောကကြီးထဲက ထွက်သွားမှာကို ကျွန်မက စိုးရိမ်သလို၊ ကျွန်မရဲ့ ကျန်းမာရေး အခြေ အနေကြောင့် ကျွန်မက သူ့ထက်အရင် ထွက်သွားမှာကို အမေက စိုးရိမ်ရှာတယ်။

ကျွန်မတို့ ဘယ်သူမှ ကျန်ရစ်သူ မဖြစ် ချင်ကြဘူး။ ချန်ရစ်သူသာ ဖြစ်ချင်နေကြ တယ်။ ဘာ့ကြောင့်လဲ။ ကျန်ခဲ့သူက သောကတွေနဲ့ လေးလံဖိစီးပြီး ကျန်ခဲ့ရလို့လား။ ထွက်သွားသူက ပေါ့ပါးလွတ်လပ်မှုတွေကို ခံစားရလို့လား။ သံယောဇဉ် အတိမ်အနက်နဲ့ အစွဲအလမ်းအပေါ် မူတည်ပြီး ခံစားရတဲ့ အတိုင်းအတာ မတူညီကြတာမျိုးလား။

သေကွဲမှာ ကျန်ရစ်သူရဲ့သောက ထုထည်ကို မိမိတို့ ၀န်းကျင်မှာ လက်တွေ့ မြင်နေရပေမယ့် ချန်ရစ်သူရဲ့ အခြေအနေကို မှန်းဆကြည့်ရုံကလွဲပြီး၊ လက်တွေ့ မမြင်နိုင်တဲ့ အတွက်ကြောင့်လား။

ကျွန်မမှာ အဖြေမရှိပါဘူး။

ဒါပေမယ့် သေချာတာကတော့ ကျွန်မ ကျန်ရစ်သူ မဖြစ်ချင်ဘူး။ လွမ်းဆွတ်မှု သောက အထုပ်အထည်တွေနဲ့ ရှေ့ဆက် ရမယ့် အနေအထားဟာ ကျွန်မအတွက်တော့ အတွေးထဲမှာတင် မွန်းကျပ်ကြေကွဲစရာ ကောင်းလွန်းလှပါတယ်။

သေကွဲကတော့ ဘယ်လိုနေမလဲ မသိပေမယ့် ရှင်ကွဲမှာတော့ ကျွန်မက အမြဲအရင်ထွက်သွားတတ်သူ။

ပညာရေးဆိုတဲ့ အကြောင်းပြချက် ကြောင့် ကျွန်မအသက်ဆယ်နှစ်အရွယ်မှာပဲ ကိုယ့်ရဲ့အသိုက်အမြုံထဲကထွက်ပြီး၊ မြို့မှာ ကျောင်းတက်ရရှာတယ်။ အဲဒီတုန်းက ကျန်ရစ်သူတွေ ဘယ်လိုခံစားရမလဲဆိုတာ မသိပေမယ့် ထွက်သွားရသူရဲ့ ခံစားချက် ကတော့ အတော်လေးဆိုးဝါးပါတယ်။

အမေ့မိတ်ဆွေအိမ်မှာ နေရတာ ဆိုပေမယ့် ကိုယ့်မိသားစုကပေးတဲ့ နွေးထွေးလုံခြုံမှုကို တောင့်တတဲ့ ကလေးတစ်ယောက် ရဲ့ အထီးကျန်ညတွေဟာ ချောက်ခြားစရာ ကောင်းလွန်းလှတယ်။

အိမ်လွမ်းတယ်ဆိုတာထက် ပိုသာတဲ့ ခံစားချက် စိတ်ဒဏ်ရာတွေ ရခဲ့တယ် ထင်ပါတယ်။ ကျွန်မအခု အသက်သုံးဆယ် ကျော်တဲ့အထိ အထက်တန်းကျောင်း အကြောင်း အိပ်မက်မက်ရင် ဘယ်တော့မှ စိတ်ချမ်းသာစရာ အိပ်မက်မျိုးမက်လေ့ မရှိဘူး။ စိုးရိမ်သောကတွေနဲ့ ခြောက်အိပ် မက်တွေပဲ အမြဲတမ်းလိုလို မက်နေတတ် တယ်။

ဒါပေမယ့် ဘွဲ့ရပြီး အသက်နှစ်ဆယ် ကျော်လာတဲ့အခါ အိမ်ကနေ ထွက်သွားရ တာဟာ မထူးဆန်းတဲ့အရာတစ်ခု ဖြစ်လာ ခဲ့တယ်။ အတောင်အလက်စုံလို့ ပျံဖို့ တကြွကြွဖြစ်နေတဲ့ ကျွန်မက ပညာရေးကို အကြောင်းပြုပြီး အိမ်ကနေ ခဏခဏ ထွက်သွားတတ်လေပြီ။ ရှင်ကွဲဟာ ဘာမှ အရေးမကြီးသလို ဖြစ်လာတယ်။

ငယ်ငယ်တုန်းက အိမ်ကထွက်သွားရ တဲ့နေ့မှာ ခြေလှမ်းတွေ လေးလံနေပေမယ့် အခုတော့ ခြေလှမ်းတွေက ပေါ့ပါးသွားခဲ့ပြီ။ ထွက်သွားသူကျွန်မက ၀န်းကျင်အသစ်မှာ လေ့လာစရာ၊ သင်ယူစရာတွေနဲ့ ရှုပ်ရှက် ခတ်နေတဲ့အချိန် ကျွန်မရဲ့ အရိပ်အငွေ့တွေ ကို ထွေးပွေ့ပြီး အမေဘယ်လိုအလွမ်းတွေ ဖြေခဲ့တာပါလိမ့်။

ပျံသန်းခြင်းရဲ့ တန်ဖိုးကိုသာသိပြီး နားခိုရာအရိပ်ရဲ့တန်ဖိုးကို မထီမဲ့မြင်ပြုခဲ့ မိတဲ့ အချိန်တွေပေါ့။ လေ့လာစရာ သင်ယူ စရာတွေအတွက် မဖြစ်မနေထွက်သွားရတာဟာ အမှားမဟုတ်ပေမယ့် ကျန်ရစ်သူရဲ့ စိတ်ဒဏ်ရာကို ကိုယ်ချင်းမစာခဲ့တာဟာ အမှားများ ဖြစ်နေမလား။

အဲဒီအချိန်တုန်းက နုပျိုတက်ကြွမှုနဲ့ အတူ စာနာနားလည်မှုရဲ့ အခြားတစ်ဖက်ကို ရောက်မှန်းမသိ ရောက်နေခဲ့တယ်။ ရှင်ကွဲကို အလေးအနက်မထားခဲ့သလို သေကွဲကိုလည်း ပေါ့ပေါ့တန်တန် သဘောထားခဲ့ ဖူးတယ်။

အသက်ရှစ်ဆယ်ကျော် အဘိုးဆုံး တော့ လွမ်းဆွတ်အထီးကျန်တဲ့ ဝေဒနာတွေ နဲ့ ငေးရီနေတတ်တဲ့ အဘွားရဲ့ မျက်ဝန်းတွေ ကို ကျွန်မ လျစ်လျူရှုမိခဲ့တယ်။ သူ့ခံစား ချက်တွေကို နားလည်ပေးရမယ့်အစား အဖြစ်သည်းရန်ကောလို့လည်း မညှာမတာ တွေးခဲ့မိတယ်။

တကယ်တော့ အနှစ်ခြောက်ဆယ်နီး ပါး အတူတူနေလာခဲ့တဲ့ သံယောဇဉ် အတိမ်အနက်ကို ကျွန်မ နည်းနည်းလေး ကိုယ်ချင်းစာခဲ့ဖို့ ကောင်းတာပေါ့။ အဲဒီတုန်းက ရှေ့ဆက်ရမယ့် ခြေလှမ်းအတွက်သာ တွေးတတ်ပြီး ရှင်ကွဲမှာ ကျန်ရစ်သူ အမေ့ကို စာနာနားလည်မှုတွေ မပေးခဲ့သလို သေကွဲမှာလည်း ကျန်ရစ်သူ အဘွားကို ကိုယ်ချင်းစာစိတ် မထားခဲ့မိဘူး။

လူတွေဟာ ကိုယ်တိုင်လက်တွေ့ခံစား ဖူးမှ စစ်မှန်တဲ့ ကိုယ်ချင်းစာတရား ဖြစ်ပေါ် တတ်တာမျိုးလား။

သက်လတ်ပိုင်းအရွယ် ရောက်လာတဲ့ ဒီအချိန်မှာတော့ အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီးပြီ။ ချစ်တဲ့သူ တွေနဲ့ ရှင်ကွဲရော၊ သေကွဲရော ခွဲရမှာကို စိုးရိမ်တတ်နေပြီ။ ချန်ရစ်ခဲ့ရမှာကိုရော၊ ကျန်ရစ်ခဲ့ရမှာကိုရော ကြောက်ရွံ့နေတတ်ခဲ့ပြီ။

သဘာဝတရားရဲ့ မတည်မြဲမှုသဘော တရားကို နားလည်သည့်တိုင် တွယ်တာမှု တွေ၊ နှောင်ဖွဲ့မှုတွေ တစ်ပုံတစ်ပင်နဲ့ ရုန်း ထွက်ဖို့ရာ ခက်ခဲလှတဲ့ အသိုက်အမြုံထဲမှာ တွယ်ငြိပိတ်လှောင်နေခဲ့ပြီ။

ခိုင်မာလှတဲ့ သံယောဇဉ်ကြိုးတွေနဲ့ ဘယ်လိုပဲ ရစ်ပတ်နှောင်ဖွဲ့ထားပါစေ၊ မတည်မြဲခြင်းနဲ့ အစိုးမရခြင်း သဘောတရားတို့ကို မလွန်ဆန်နိုင်သေးသရွေ့တော့ ရှင်ကွဲ၊ သေကွဲတွေနဲ့ ကြုံဆုံနေရဦး မှာပါလေ။

ကျန်ရစ်သူ ဖြစ်မှာလား၊ ချန်ရစ်သူ ဖြစ်မှာလား ဆိုတာကတော့—။  

နီမာဦး(အံဒင်)