တိုင်းအဆင့် ရော်ဘာဖိုရမ် ကျင်းပမည်

0
663

တနင်္သာရီတိုင်းအတွင်း ရေရှည်တည်တံ့သော ရော်ဘာထုတ်လုပ်နိုင်ရေးအတွက် တိုင်းအဆင့်ရော်ဘာဖိုရမ်ကို သြဂုတ်လ ၁၄ ရက်တွင် ထားဝယ်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ် မတ်လက ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သော ရော်ဘာဖိုရမ်တွင် တိုင်းနှင့် ပြည်နယ်အဆင့် ရော်ဘာဖိုရမ်များ ဆက်လက်ကျင်းပရန် ဆုံးဖြတ်ခဲ့သဖြင့် တိုင်း အတွင်း ယင်းဖိုရမ်ကို ကျင်းပခြင်းဖြစ် ကြောင်း အထက်ပါဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။

“တနင်္သာရီတိုင်းကတော့ ပြည်နယ် တိုင်းတွေထဲမှာ ပထမဦးဆုံး ရော်ဘာ ဖိုရမ်ကိုလုပ်ဖို့ လုပ်လိုက်တာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်းဖိုရမ်တွင် တိုင်းအတွင်း ရေရှည်တည်တံ့သော ရော်ဘာထုတ်လုပ်နိုင်ရေး အတွက် ရော်ဘာလုပ်ငန်းရှင်များ၊ အသေးစား ရော်ဘာစိုက်ပျိုးသူများ တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ဦးနိုင်ဦးက ပြောသည်။

ရေရှည်တည်တံ့သော ရော်ဘာ ဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ရော်ဘာ ထုတ်လုပ်မှု အရည်အသွေးနှင့် အရေအတွက်ကို တိုးတက်အောင် ဆောင်ရွက်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် မပျက်စီးရေးကို ဂရုစိုက်သော ရော်ဘာဝယ်ယူသည့် နိုင်ငံအချို့က နောက်ပိုင်းတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် စီမံထားသည့် ရော်ဘာများကိုသာ ၀ယ်ယူတော့ မည်ဖြစ်သဖြင့် တိုင်းအတွင်းလည်း ရေရှည် တည်တံ့သော ရော်ဘာများ ထုတ်လုပ်လာနိုင်ရန် လိုအပ်ကြောင်း ဦးနိုင်ဦးက ပြောသည်။

ယင်းအပြင် ရော်ဘာဈေးကျပါက တောင်သူများ ခံနိုင်ရည်ရှိစေရန် ရော်ဘာ စိုက်ဧရိယာအတွင်း သီးထပ်၊ သီးညှပ်များ စိုက်ပျိုးနိုင်ရေး နည်းလမ်းများကိုလည်း ရှင်းပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းအတွင်း ယင်းဖိုရမ်လုပ်ဆောင်ခြင်းဖြင့် ရေရှည်တည်တံ့သော သဘာဝ ရော်ဘာထုတ်လုပ်နိုင်ရေး အစိုးရနှင့် ရော်ဘာလုပ်ငန်းရှင်များ ညှိနှိုင်း အဖြေရှာ နိုင်မည်ဖြစ်သောကြောင့် ယင်းဖိုရမ်လုပ် ဆောင်ခြင်းကို ကြိုဆိုကြောင်း ထားဝယ် ခရိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။

ယင်းဖိုရမ်အတွက် တိုင်းအစိုးရ ရန်ပုံငွေနှင့် Care Myanmar အဖွဲ့တို့၏ အကူအညီဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တိုင်းအတွင်း ရော်ဘာတောင်သူ ဦးရေ ၂၀၀ ကို ဖိတ်ကြားထားကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး