နည်းနည်းလေး နှေးလိုက်ရအောင်

0
210
ဓာတ်ပုံ - ဝေယံစိုး

ယနေ့ခေတ်ကာလတွင် မကြာခဏ ဆိုသလို ဖတ်ရ၊ ကြားရ မြင်နေရသည့် အရာများတွင်“အရှိန်အဟုန်ဖြင့် မြန်မြန် ဆန်ဆန် ပြောင်းလဲနေခြင်း”ဟူသည့် ကိစ္စသည်လည်း တစ်ခုအပါအ၀င် ဖြစ် သည်။

သည်မျှ တက်သုတ်ရိုက်၊ ကမျော သောပါးနိုင်သည့် ခေတ်ကြီးထဲတွင် စီးမျောလိုက်ပါနေသည့် လူငယ်တစ်ဦး အနေဖြင့် တစ်ခါတစ်ရံတွင် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိသည်။

“ဘာကြောင့် ငါ တက်သုတ်ရိုက် ဖြစ်နေရတာလဲ၊ လိုရော လိုအပ်ရဲ့လား”

မကြာခဏဆိုသလို တွေးဖြစ်သည်။ သို့သော် စိတ်ထဲ လေးလေးပင်ပင် မဟုတ်။

“အင်း  . . . ခေတ်ရေစီးပဲလေ”ဟု ဖြေတွေးတွေးပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်က များသည်။

သို့သော်

တစ်လောက မြို့ထဲဆိုင်ကယ်စီးရငှ်းစနနိ အချိုရည် ကြော်ငြာ ဘေလ်ဘုတ် ကို မြင်တဲ့အခါမှာတော့ လက်ရှိ တက် သုတ်ရိုက်နေသည့် ကိုယ့်အဖြစ်ကို ပိုပြီး လင်းလင်းထင်းထင်း မြင်မိ၊ အလေး အနက် တွေးမိသည်အထိ ဖြစ်ရသည်။

ထိုဘေလ်ဘုတ်ကိုကြည့်ပြီး  ဖြန့် ကျက်တွေးမိသည်မှာ “ယနေ့ကာလမှာ လူကို လူလို မြင်သေးရဲ့လား”ဟူသည့် အတွေး ဖြစ်သည်။

အချိုရည်၏ အမည်က Speed ဖြစ် သည်။ မြန်မာလိုပြန်မည်ဆိုပါက “လျင် မြန်ခြင်း” “အမြန်နှုန်း” “အလျင်အဟုန်” စသဖြင့် အဓိပ္ပာယ်ဖွင့်နိုင်မည် ထင်ပါသည်။  အချိုရည်ထုတ်သည့် ကုမ္ပဏီက မည်သည့် အဓိပ္ပာယ်ဖြင့် Speed ဟု အမည်ပေးမှန်း မသိပါ။

ခံစားသူတစ်ဦးအနေဖြင့် ထို Speed ဟူသည့် တံဆိပ်ကို မြင်ပြီး အေးအေးလူလူ မဖြစ်မှုကိုတော့ ခံစားရသည်။ အလျင် အမြန်၊ အလျင်အဟုတ်ဖြင့် တက်သုတ် ရိုက်နေသည့် ခေတ်ကြီးကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။

နောက်ထပ် ပိုမြင်သာစေသည့် အချက်တစ်ခုမှာ အရှိန်နှုန်းပြ ဒိုင်ခွက်ပုံ ကို အချိုရည်ပုလင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

တံဆိပ်အမည်နှင့် ဖော်ပြထားသည့် ပုံ အင်မတန် လိုက်ဖက်သည်။ လူကို စက်လို မြင်လာအောင်အထိကို လိုက် ဖက်သည်။

တက်သုတ်ရိုက်နေသည့် ကိုယ့် အဖြစ်ကို စက်ယန္တရားတစ်ခုလို မြင်လာ အောင်အထိပင်။ မျက်စိထဲ မြင်ယောင် ကြည့်သည်နှင့်ပင် မောဟိုက်ရသည်။

သို့ဆိုလျှင် ဦးနှောက် မုန်တိုင်း ဆင်ပြီး တွေးကြည့်ပါစို့။

။။               ။။           ။။

ကျွန်တော်တို့ ဘာကြောင့် သည်မျှ တက်သုတ်ရိုက် ဗျာများနေပါသနည်း။ အမှန်တကယ်ရော လိုအပ်ပါ၏လော။ ကိုယ့်ဖြစ်တည်မှု၏ အနှစ်သာရက ဘာလဲ စသဖြင့် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်စရာ များစွာ ရှိသည်။

အနီးစပ်ဆုံး ကျွန်တော်တို့၏ နေ့စဉ်  ဘ၀ထဲတွင် တွေ့နေမြင်နေရသည့် အချင်း အရာများကို မေးခွန်းထုတ်ကြည့်ပါမည်။

ယနေ့ခေတ်တွင် လူတစ်ဦးချင်းစီ သည် ဘာကြောင့်ရယ်မသိဘဲ  ဖုန်းတစ် လုံးစီဖြင့် ဗျာများနေသည်ကို တွေ့ရ သည်။

၁) ဘာကို သိချင်လို့ သိချင်မှန်း တိတိပပမရှိဘဲ အွန်လိုင်း ခဏခဏ ဖွင့်ပြီး ဖေ့စ်ဘွတ်ကြည့်သည်။ ဗျာများ သည်။

၂) ဘာအရေးကြီးလို့ အရေးကြီး မှန်းမသိဘဲ ဆိုင်ကယ်နောက်မှာ စီးလိုက် ရင်းပင် ဖေ့စ်ဘွတ်သုံးနေသည်။ ဗျာများ သည်။

၃) ဘယ်သူ့ကို ဘာတွေပြောချင် မှန်း မသိဘဲ ဖေ့စ်ဘွတ်ပေါ်တွင် ပို့စ် ခဏ ခဏ တင်ကြသည်။ ဗျာများသည်။

ဖေ့စ်ဘွတ်သုံးရင်း သတိဝင်လာ သည့်အခါ မိတ်ဆွေတစ်ယောက် ဖေ့စ် ဘွတ်ပေါ်တွင် ရေးသည့် ပို့စ်တစ်ခုကို သတိရသည်။

သူဖေ့စ်ဘွတ် ခဏခဏပွတ် နေသည် ကို အဖွားဖြစ်သူက “ဟဲ့ . . .  နင်တို့ ဘာတွေရှာနေတာတုန်း”ဟု လှမ်းငေါက် သည်ဟု ဆိုသည်။

ထိုသို့ငေါက်မှ သူ့အဖြစ်သူ တွေးမိ သည်ဟုဆိုသည်။ သူ့ကိုယ်သူ မေးခွန်း ထုတ်မိသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဘာရှာနေတာပါလဲ”

“ဘာတွေ အရေးကြီးလို့ ဗျာများနေ တာပါလဲ”

“ကျွန်တော်တို့ ဘာလိုအပ်နေတာလဲ”

။။               ။။          ။။

“ဖြည်းဖြည်းနင်း ကိုယ့်လူ၊ အမြန်လို လွန်းရင် မရောက်ဘဲ ဖြစ်သွားတတ်တယ်”

တက်သုတ်ရိုက်နေသူများ၊ ဆိုင်ကယ်၊ ကားတို့ကို ဘာကြောင့်မှန်းမသိ ၀ုန်းဒိုင်း ကြဲ မောင်းသူများကို တွေ့ရတိုင်း အမြဲတမ်း နားထဲကြားယောင်မိသည့် စကား ဖြစ်သည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ထားဝယ် တွင် စက်ဘီးစီးသူသာများသည့် ခေတ် ဖြစ်သည်။ ထိုအချိန်က စက်ဘီးအစီး ကြမ်းသည့် တူဖြစ်သူကို ဦးလေးကမှာ သည့် စကားဖြစ်သည်။

“အမြန်လိုလွန်းရင် မရောက်ဖြစ် တတ်သည်”

သေသေချာချာတွေးကြည့်သည့် အခါ အတော်လေးနက်သည့် စကားဖြစ် သည်။

အမြန်လိုလွန်းရင် မရောက်ဘဲ ဖြစ်သွားနိုင်သည်။ မရောက်ဟူသည့် စကားကို ခရီးမရောက်ခြင်းကိစ္စအပြင် အခြား ကိစ္စများအထိလည်း ဖြန့်ကျက် တွေးနိုင်သည်။

ဥပမာ အစာစားခြင်းကိစ္စကို တွေး ကြည့်ပါမည်။

အစာစားခြင်း၏ တကယ့် အနှစ် သာရ၊ အကျိုးနှင့် အနက်က ဘာပါလဲ။

ယနေ့ခေတ်လို သုတ်သုတ်စား သုတ်သုတ်သွားနေခြင်းက အစာစားခြင်း ၏ အနှစ်သာရကို ခံစားနိုင်သည်အထိ ခရီးရောက်ပါ၏လော။

သေချာ ပြန်စဉ်းစားကြည့်သည့် အခါ ကိုယ့်ပါးစပ်ထဲ ရောက်နေသည့် အစားအစာကို ဘယ်နှချက် ၀ါးလို့ ၀ါး မိမှန်းမသိဘဲ သတိလက်လွတ်စား သောက်ခြင်းက အစာစားခြင်း၏ အနှစ်သာရကို ခံစားနိုင်သည်အထိ ခရီးရောက် မည်မဟုတ်။

အစာအစားခြင်း၏ အကျိုးကို တင်း ပြည့်ကျပ်ပြည့်ရမည် မဟုတ်ပေ။

နောက်ထပ် ဥပမာတစ်ခု စဉ်းစားမိ သည်မှာ ဖက်ရှင်ကိစ္စ ဖြစ်သည်။

ဖက်ရှင် ရေစီးမှာ တတ်သုတ်ရိုက် မျောလိုက်ရင်း ဘ၀ အမောဖောက်ရသည်။ “အ၀တ်အစားဝတ်ခြင်း၏ တကယ့် အဓိပ္ပာယ်နှင့် အနှစ်သာရ”ကို မခံစားရဘဲ ဖြစ်ကြရသည်။

ဤသည်ကိုပင် ခရီးမရောက်ခြင်း ဟု ဆိုနိုင်သည်။

ဘ၀၏ အရာရာကို သတိကပ်ပြီး အရှိန်လျှော့ကြည့်ကြစေချင်သည်။

သတိတရားဖြင့် နှေးခြင်း၏ အရသာ ကို ခံစားကြည့်စေချင်သည်။

မက်အိမ်