မြိတ်တွင် ရေသန့်ဘူး၊ အချိုရည် ဘူးခွံများဖြင့် တံမြက်စည်းပြုလုပ်

0
832

မြိတ်တွင် စွန့်ပစ် ရေသန့်ဘူး၊ အချိုရည်ဘူးခွံများဖြင့် တံမြက်စည်းများ ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စတင်ပြု လုပ်လျက်ရှိကြောင်း တံမြက်စည်းပြုလုပ် နေသည့် ဦးသန်းဇော်ဦးထံမှ သိရသည်။

ဦးသန်းဇော်ဦးသည် ကွမ်းသီးပင် ဖက်ဖြင့် အစားအသောက်ဆိုင်ရာပစ္စည်း များ ထုတ်လုပ်နေသူ ဖြစ်သည်။

စွန့်ပစ်ရေသန့်ဘူးခွံ့များ၊ အချိုရည် ဘူးခွံများအား ကြိုးအဖြစ် ရရှိအောင် နန်းဆွဲခြင်း၊ အပူပေးခြင်းနှင့် မာကျော မှုရရှိရန် အခြောက်ခံခြင်း စသဖြင့် အဆင့် ဆင့်ပြုလုပ်ကာ တံမြက်စည်းအဖြစ်ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

ယင်းသို့ စွန့်ပစ်ရေသန့်ဘူး၊ အချိုရည် ဘူးခွံများအား တံမြက်စည်းအဖြစ် ပြုလုပ် ခြင်းဖြင့် သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

“ရေသန့်ဘူးခွံ(တစ်လီတာ)တွေက သဘာဝပတ်ဝန်းကျင်ကို ပြဿနာပေးနေတာ”ဟု ၎င်းက ဆိုသည်။

ဈေးကောင်းမရသဖြင့် စွန့်ပစ် ရေသန့်ဘူးခွံ့များအား အမှိုက်ကောက်သူများ ကောက်ယူခြင်းမရှိသည့်အတွက် ရေမြောင်းများ ပိတ်ဆို့မှုများ ရှိနေပြီး ယင်းရေသန့် ဘူးခွံများအား တံမြက်စည်း များပြုလုပ် ခြင်းဖြင့် ရေမြောင်းပိတ်ဆို့မှု များကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပထမဆုံးပြုလုပ်သည့် တံမြက်စည်း အချောင်းရေ ၂၀၀ ခန့်အား မြိတ်၊ ပုလော၊ တနင်္သာရီနှင့် ကျွန်းစုမြို့တို့ရှိ သန့်ရှင်းရေး များ ပြုလုပ်နေသည့် ပရဟိတအသင်းများ ကို တစ်မြို့လျှင် ၅၀ ချောင်းနှုန်းဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ပြီး သီတင်းကျွတ် ကာလရောက်မှသာ ဈေးကွက်အတွင်းသို့ ရောင်းချမည်ဖြစ်ကြောင်း  သိရသည်။

မြင့်မိုရ်(မြိတ်)