ဘီးလင်းမြစ်ရေတက် မြေနိမ့်ပိုင်းနေသူများအား ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းထား

0
581

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မြစ်ရေ မြင့်တက်လာနေသည့်အတွက် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအား ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ထားပြီး ရွှေ့ပြောင်းထားရသည်ဟု ဘီးလင်းမြို့ နယ် ရေဘေးကွပ်ကဲရေးရုံးထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင် ကျရေများ စီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာကာ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းခန့်တွင် မြေနိမ့်ပိုင်းနေ အိမ်ထောင်စု ၂၃ စုတို့မှ လူဦးရေ ၁၀၄ ဦး ကို မြို့ပေါ်ရှိ တစညပါတီရုံး၊ ဓမ္မ၀ိဟာရ၊ မြို့ဦးနှင့် အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့ထားသည်။

ဘီးလင်းမြစ်ရေသည် ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေ အခြေအနေသည် ၉၇၇ စင်တီမီတာ ရှိပြီး စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိသည်ဟု ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

“ရေတက်နေတဲ့ အခြေအနေနဲ့ ပတ် သက်ပြီး တစ်မြို့လုံးကို အသံချဲ့စက်နဲ့ လိုက်သတိပေးနေပါတယ်။ ဘီးလင်းမြစ် ရေက စိုးရိမ်ရေအမှတ်တော့ မရောက် သေးဘူး။ ဆက်တိုက်တော့ တက်နေတယ်။ ရေမြုပ်နိုင်တဲ့နေရာက လူတွေကိုတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ ထားပါတယ်”ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြို့၏ မိုးရေချိန်လက်မမှာ ဇူလိုင်လ ၉ ရက်တွင် ၃ ဒသမ ၃၆ လက်မ အထိ ရှိသည်။

ဘီးလင်းမြစ်ရေမြစ်တက်လာနေသည့်အတွက် ဘီးလင်းမြစ်ဘေးရှိ မူလွန် ကျောင်း ၁ ကျောင်းနှင့် ဒုံသမိမြစ်ဘေးရှိ မူလတန်းကျောင်း ၂ ကျောင်းတို့ကိုလည်း ပိတ်ထားသည်ဟု ဘီးလင်းမြို့နယ် ရေဘေးကွပ်ကဲရေးရုံးထံမှ သိရသည်။

“ကန်သာယာရပ်ကွက်နဲ့ ဘိုရာဇာ ရပ်ကွက်တွေမှာတော့ ရေတွေ ၀င်နေပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေပေါ့။ မြစ်ရေက ဆက်တက်လာနေတယ်ဆိုတော့ သတိနဲ့ နေနေကြရတာပေါ့။ အဆင်သင့်ပြင်ထား ရတယ်။ အခြေအနေမကောင်းရင် ပြောင်းရ မှာပေါ့”ဟု ကန်သာယာရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်အောက် ၂ ပေခန့်တွင် ရောက်ရှိ နေပြီး အဆိုပါမြစ်ရေသည် နောက် ၁ ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အတွက် မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိ ပြု နေထိုင်ကြရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် လ ၉ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်တုန်းကလည်း ဘီးလင်း မြစ်ရေမြင့်တက်သည့်အတွက် ဘီးလင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အများစု ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၃၀၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ ရေး အစရှိသည့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး ဘီးလင်းမြို့နယ်သည် ရေကြီးရေလျှံမှု အများဆုံးဖြစ်ပွားသည့် မြို့နယ်ဖြစ်သည်။

Dawei Watch