မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင် ကျပြီ

0
466

မွန်ညီညွတ်ရေးပါတီ Mon Unity Party ကို နိုင်ငံရေးပါတီအဖြစ် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီခေါင်းဆောင်တို့ထံမှ သိရသည်။ 

မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံး မည့် နိုင်ငံရေး ပါတီအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက် ရက်စွဲနှင့် မှတ်ပုံတင်ခွင့်ပြုကြောင်း အကြောင်းကြားခဲ့သည်ဟု မွန်ညီညွတ် ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

“ပါတီမှတ်ပုံတင် တင်ထားတာက မေလ ၂၃ ရက်က တင်ထားတယ်”ဟု နိုင်စံတင်က ပြောသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့် မွန်ညီညွတ်ရေးပါတီအနေနှင့် ဇူလိုင်လ ၁၁ ရက်မှစ၍ ရက်ပေါင်း ၉၀ ပြည့်သည့် အောက်တိုဘာ ၈ ရက်ထက် နောက်မကျစေဘဲ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ပြည့်မီအောင် စည်းရုံးပြီး ပါတီဝင် အင်အားစာရင်းကို မြို့နယ်အလိုက် စုစည်း၍ ကော်မရှင်သို့ တင်ပြရမည်ဟု ကော်မရှင်က အကြောင်းကြားသည့်စာတွင် ပါရှိသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီတို့  ပူးပေါင်း ၍ မွန်ညီညွတ်ရေးပါတီအဖြစ် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပါတီတည် ထောင်ဖွဲ့စည်းခွင့် လျှောက်ထားခဲ့ရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက် ရက်စွဲဖြင့် ပါတီတည်ထောင်ဖွဲ့စည်းခွင့် ပြုခဲ့သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီဗဟိုအဆင့် ပေါင်းစည်းရေးဆောင် ရွက်ခဲ့ပြီးနောက် မြို့နယ်အဆင့် ကျေးရွာ အဆင့်အစရှိသည့် အဆင့်ဆင့်သော ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်။

လက်ရှိတွင် လာမည့် ရွေးကောက်ပွဲ အတွက် အဆင့်ဆင့်သော စည်းရုံးရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ပါတီကျစ်လျစ် ခိုင်မာအောင် ဆောင်ရွက်ခြင်းတို့ကို  ဆက်လက်လုပ်ဆောင်နေသည်ဟု မွန် ညီညွတ်ရေးပါတီခေါင်းဆောင်တို့က ပြောသည်။

မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေး အင်အားစုများဖြင့် ပေါင်းစည်းဖွဲ့စည်း ထားသည့် မွန်ညီညွတ်ရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့ ၄ ဦး၊ အတွင်း ရေးမှူးအဖွဲ့ ၆ ဦး အပါအ၀င် ဗဟို ကော်မတီဝင် ၁၄၀ ဦးဖြင့် ဖွဲ့စည်းထား သည်။

မွန်ညီညွတ်ရေးပါတီသို့ ကျန်ရှိနေ သေးသည့် မွန်အင်အားစုများ ပါဝင်လာ နိုင်ရန်လည်း ပါတီခေါင်းဆောင်တို့က ကြိုးပမ်းလျက်ရှိသည့်အပြင် မွန်လူငယ်များ မွန်အမျိုးသမီးများ ပါဝင်လာစေ ရန်လည်း လမ်းဖွင့်ပေးထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

ယဉ်စနိုင်း