ကျောက်ဖျာမြို့သစ်စီမံကိန်းမြေယာကိစ္စ ပြည်ထောင်စုအစိုးရထံ တင်ပြထားဟုဆို

0
626

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာတွင် မြို့သစ်တည်ဆောက်ရေးစီမံကိန်းပြု လုပ်ရန်အတွက် သိမ်းဆည်းထားသည့် မြေယာကိစ္စနှင့် ပတ်သက်၍ လမ်းညွှန် ပေးရန် တိုင်းအစိုးရမှ ပြည်ထောင်စု အစိုးရထံ တင်ပြထားသည်ဟု မြိတ်မြို့ နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်ဗိုလ်ဝင်းက ပြောသည်။

ကျောက်ဖျာကျေးရွာအုပ်စုတွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေဧက စုစုပေါင်း ၅၅၀၀ ကို ၂၀၀၄ ခုနှစ်က သိမ်းဆည်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တနင်္သာရီဝန်ကြီးချုပ်နှင့် မြိတ်ဒေသခံများ မေလ ၂၃ ရက်က တွေ့ဆုံခဲ့စဉ် ကျောက်ဖျာကျေးရွာဒေသခံများက စီမံကိန်း အကောင်အထည် မဖော်ဖြစ် လျှင် မိမိတို့၏ လယ်မြေများအား ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းသို့ တောင်းဆိုမှုနှင့်ပတ်သက် ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြန်ကြားစာကို ဒေသခံများအား ပြန်လည်ရှင်း လင်းပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက် က ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် မြေကိစ္စကို ပြည်ထောင်စုအစိုးရထံ တင်ပြ ထားသည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီစီမံကိန်းကြီးက တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့် စဉ်းစားဆုံးဖြတ် ပိုင်ခွင့်ကို ကျော်လွန်နေတဲ့အတွက် သူတို့လည်း လက်ရှိ အချိန်မှာ ပြည်ထောင်စု အစိုးရရဲ့ လမ်းညွန်မှုကို ခံယူနေဆဲ ဖြစ်ပါ တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ဒေသခံတောင် သူများအနေဖြင့် သိမ်းဆည်းခံခဲ့ရသည့် ၎င်းတို့၏လယ်ယာများအား ပုံစံ ၇ ထုတ်ယူနိုင် ခွင့်မရကြသည့်အတွက် လယ်စိုက် ပျိုးချိန် ချေးငွေရရှိခြင်း မရှိကြပေ။

ယင်းကြောင့် စပါးစိုက်ပျိုးရန် နှစ်စဉ်အခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံအချို့က ဆိုသုည်။

“အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းဖြစ်နေရင်လည်း ဖျက်သိမ်းပေး ပါလို့ တောင်းဆိုချင်ပါတယ်”ဟု ကျောက်ဖျာ ရွာသားတစ်ဦးဖြစ်သည့် ကိုတူးတူးက ပြောသည်။

ကျောက်ဖျာကျေးရွာအုပ်စုအတွင်း ကွင်း ၉ ကွင်းရှိပြီး လယ်ယာ၊ ဓနိတော နှင့်ဥယျာဉ်ခြံမြေ အသိမ်းဆည်းခံရသည့် တောင်သူစုစုပေါင်း ၈၁၃ ဦးရှိကြောင်း  မြိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သိမ်းဆည်းထားသည့် မြေပြန်လည် ရရှိရေးအတွက်  ဒေသခံ ၃၀၀ ခန့်က  ၂၀၁၆ ခုနှစ်တွင် ဆန္ဒပြတောင်းဆိုခဲ့ဖူး သည်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၄ ရက် က ပြုလုပ်သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ တွင် တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ကျောက်ဖျာမြို့သစ် စီမံကိန်းအတွက် သိမ်းယူထားသည့်မြေများအား ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း ခဲ့ရာ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် မရှိကြောင်း ၀န်ကြီးဦးဖြိုးဝင်းထွန်းက ပြန်လည် ဖြေဆိုခဲ့သည်။

ကိုဆန်း