ကျွန်းစုတွင် အစိုးရပိုင်အမြန်ရေယာဉ် ပြေးဆွဲရန် အစီအစဉ် မရှိ

0
502

ကျွန်းစုတွင် အစိုးရပိုင် ကမ်းရိုး တန်းအမြန်ရေယာဉ် ပြေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း တိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံပြီး အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အစိုးရပိုင်ရေယာဉ် ပြေးဆွဲ ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ၀န်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနတွင် အစိုးရပိုင် ခရီးသည်နှင့် ကုန် တင်ရေယာဉ်များရှိသော်လည်း ရေယာဉ် များ၏ တည်ဆောက်ပုံအရ မြစ်တွင်းများ ၌သာ ပြေးဆွဲနိုင်ပြီး တိုင်းအတွင်း ပင်လယ် နှင့် ဆက်စပ်နေသည့် ကျွန်းခရီးစဉ်များ တွင် ခုတ်မောင်းနိုင်ခြင်း မရှိကြောင်း ဦးအောင်သူရက ဖြေဆိုခဲ့သည်။

၎င်းအပြင် တနင်္သာရီတိုင်းအတွင်း တွင် ခေတ်အဆက်ဆက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာန ရုံးခွဲများ မရှိခဲ့ကြောင်း ၀န်ကြီးက ဖြေဆိုခဲ့သည်။

လက်ရှိတွင် မြိတ်ခရိုင် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းပြီး ပုဂ္ဂလိက အမြန်ရေယာဉ်များဖြင့် မြိတ်မှ ကျွန်းစုသို့ တစ်နေ့လျှင် စုစုပေါင်း အသွား အပြန် ၄ ခေါက်ပြေးဆွဲပေးနေပြီး လိုအပ်လျှင် အခေါက်ရေတိုးချဲ့ပြေးဆွဲ ပေးနေကြောင်း ၀န်ကြီးက ဖြေဆိုခဲ့သည်။

ခရီးသည်များ အန္တရာယ်ကင်းစေ ရန် အသိပညာပေးခြင်း၊ လက်ကမ်းစာ စောင်များ ဖြန့်ဝေခြင်း၊ အမြန်ရေယာဉ် များအား စစ်ဆေးခြင်းတို့ ပြုလုပ်နေကြောင်း ၀န်ကြီး ဦးအောင်သူရက ဆိုသည်။

မြိတ်- ကျွန်းစုအမြန်ရေယာဉ်များ ပြေးဆွဲရာတွင် သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း၊ အမြန်ရေယာဉ်၏ ခေါင်မိုးပေါ်တွင် လည်းကောင်း၊ အလယ် ခုံထိုး၍လည်းကောင်း တင်ဆောင်ခြင်း များရှိကြောင်း ဒေသခံတို့က တိုင်ကြား လာသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း တွေ့မြင်နေရကြောင်း ဒေါက်တာထူးနေအောင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ယင်းကြောင့် ပြည်သူတို့ အသက် အန္တရာယ် အချိန်မရွေးကျရောက်နိုင်သည့် အနေအထားတွင်ရှိကြောင်း ကျွန်းစုလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ဆိုသည်။

ပုဂ္ဂလိကအမြန်ရေယာဉ်များအား အခေါက်ရေ ပိုတိုးချဲ့ပြေးဆွဲခိုင်းပါက စီးပွားရေး တွက်ခြေကိုက်မှုကို အကြောင်း ပြလာနိုင်သည့်အတွက် အစိုးရပိုင် အမြန်ရေယာဉ်များ တိုးချဲ့ ပြေးဆွဲပေးရန် မေးခွန်း မေမြန်းရခြင်းဖြစ်သည်ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။

“တိုင်းအစိုးရကနေပြီး လုပ်ပေးနိုင်တဲ့ ဘောင်ထဲမှာ မရှိဘူးဆိုတော့ ဒီအတိုင်း လက်ခံလိုက်တဲ့ အခြေအနေပါ။ နောက် ပိုင်းမှာ ၀န်ပိုတွေ တင်လာရင် ၀န်ကြီးနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်သွားဖို့ အလွတ်သဘော ညှိနှိုင်းထားတာ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

Dawei Watch