ဆက်စပ်မေးခွန်းများကို စာဖြင့်ဖြေပါက ၃ ပတ်ခန့်အတွင်း ဖြေဆိုရန် တိုင်းအစိုးရအဖွဲ့အား လွှတ်တော်ဒုဥက္ကဋ္ဌ မှာကြား

0
507

လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသည့် ဆက်စပ်မေးခွန်းများကို စာဖြင့် ပြန်လည် ဖြေဆိုပါက ၃ ပတ်ခန့်အတွင်း ပြန်လည်ဖြေဆိုရန် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌက မှာကြား လိုက်သည်။

ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် တိုင်းလွှတ်တော် နောက်ဆုံးနေ့တွင် ထိုသို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခွင့်ယူထား သဖြင့် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက အစည်းအဝေးကို တာဝန်ယူကျင်းပခဲ့ခြင်း ဖြစ် သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများမေးမြန်းမှုကို အစိုးရအဖွဲ့ ၀င်များက ဖြေဆိုရာတွင် အဖြေ ပြည့်စုံမှု မရှိလျှင် ကိုယ်စားလှယ်များက ဆက်စပ် မေးခွန်းများ ထပ်မံမေးမြန်းလေ့ ရှိသည်။

ထိုသို့ မေးမြန်းလျှင် ၀န်ကြီးများက အများအားဖြင့် အချက်အလက် ထပ်မံ စုဆောင်းကာ စာဖြင့် ပေးပို့ ပြန်လည် ဖြေဆိုပါမည်ဟု ပြန်လည် ဖြေကြားလေ့ ရှိသည်။

ထိုသို့ စာဖြင့် ဖြေဆိုရာတွင် လချီကြာ မြင့်တတ်ရာ အစိုးရနှင့် ဌာနများက မြေပြင်တွင် အချိန်နှင့် တစ်ပြေးညီ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စများ ရှိလျက်နှင့် မလုပ်နိုင်သည်များ ကြုံကြိုက်ရကြောင်း တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က ပြောသည်။

“လွှတ်တော်က မေးသာမေးလို့ အောက်ခြေက ဘာမှ မလုပ်ဘူးဆိုရင်၊ မေးခွန်းတွေ မေးရတာ အကျိုးသက်ရောက် မှု မရှိဘူးပေါ့ဗျာ။ ဒီတော့အချိန်လွန်ပြီး မှဆို အဆင်မပြေဘူးလေ။ အရေးကြီးရင် အရေးကြီးတဲ့အလိုက် တာဝန်ပေးရမှာ ကိုး” ဟု ဦးကြည်စိုးက ဆိုသည်။

ကျွန်းစုမဲဆန်္ဒနယ်မှ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင်က ၎င်းင်း၏ မေးခွန်းတစ်ခု အစိုးရအဖွဲ့က စာဖြင့် ပြန်ဖြေဆိုရာတွင် ၄ လ အထိ ကြာခဲ့ဖူးပြီး ယခု ၃ ပတ် အချိန် ပေးခြင်းပင် များလွန်းနေကြောင်း ပြောသည်။

ကနဦး မေးခွန်းကို ဖြေဆိုရာတွင် အစိုးရက ၁၀ ရက်အတွင်း ပြင်ဆင်နိုင် သေးရာ ဆက်စပ်မေးခွန်းကို အများဆုံး ဆယ်ရက်ခန့်သာ အချိန်ယူ ဖြေကြား ခြင်းမျိုး ပြုသင့်ကြောင်း ပြောသည်။

“ဆက်စပ်မေးခွန်းကို ၁၀ ရက် အတွင်း ဖြေနိုင်တဲ့ အခြေအနေ ရှိရမယ်။ ၃ ပတ်ဆိုတဲ့အချိန်က ကျွန်တော့်တစ်ဦး တည်း အမြင်ဆိုရင် များလွန်းတယ်” ဟု ဒေါက်တာထူးနေအောင်က ပြောသည်။

Dawei Watch