ဒေါက်တာလဲ့လဲ့မော်၏ ဒုတိယအကြိမ် အာမခံလျှောက်ထားမှု တိုင်းတရားရုံး ပယ်ချ၊ GGS တာဝန်ရှိသူများ အာမခံလျှောက်

0
1567

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အာမခံလျှောက် ထားမှုကို တိုင်းတရားလွှတ်တော်က ဒုတိယအကြိမ် ထပ်မံပယ်ချလိုက်သည်။

ဇူလိုင်လ ၁ ရက် ရုံးချိန်းတွင် တနင်္သာရီတိုင်း တရားလွှတ်တော်မှ တရားသူကြီးက အမိန့်ချလိုက်ခြင်း ဖြစ် သည်။

ဒေါက်တာလဲ့လဲ့မော် အနေဖြင့် ပထမအကြိမ် အာမခံပယ်ချသည့်အမိန့် ကို အထက်တရားရုံးသို့ မလျှောက်ဘဲ တိုင်းတရားလွှတ်တော်သို့ ဒုတိယ အကြိမ် လျှောက်ထားလာခြင်းဖြစ်သည် ဟု တိုင်းတရားသူကြီး ဦးခင်မောင်မောင်က အမိန့်ချချိန်တွင် ပြောသည်။ အာမခံ မပေးသည်ကို ကျေနပ်မှုမရှိပါက အဆင့် မြင့်တရားရုံး(တိုင်းတရားလွှတ်တော်ထက် အဆင့်မြင့်သည့် တရားရုံး)တွင် လျှောက် ထားရမည် ဖြစ်သည်။

တိုင်းတရားလွှတ်တော်တွင်  ဧပြီလ အတွင်းက အာမခံမပေးကြောင်း ပထမ အကြိမ် ချမှတ်ခဲ့သည့်အမိန့်မှာ လက်ရှိ အချိန်ထိ အတည်ဖြစ်နေကြောင်း တရားသူကြီး ဦးခင်မောင်မောင်က တရားခွင်အတွင်း အမိန့်ချချိန်တွင် ပြောသည်။

ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေး နှင့် ပတ်သက်၍ တင်ပြသည့် ဆေးမှတ် တမ်းများမှာ ပထမအကြိမ် အာမခံလျှောက် စဉ်က တင်ပြခဲ့သည့် ဆေးမှတ်တမ်းများ ဖြစ်ခြင်း၊ ဒေါက်တာလဲ့လဲ့မော်၏ ရောဂါ များမှာ ထားဝယ်ဆေးရုံကြီးတွင် ကုသနိုင်သည့် အခြေအနေတွင်ရှိခြင်းတို့ ကြောင့် အာမခံလျှောက်ထားမှုကို ပယ် လိုက်ကြောင်း တိုင်းတရားသူကြီးက အမိန့်ချခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်၏ ကျန်းမာရေးစစ်ဆေးချက်နှင့် ပတ်သက်၍ ဇွန်လ ၂၅ ရက် ရုံးချိန်းတွင် ထားဝယ်ဆေးရုံ ကြီးမှ ခွဲစိတ်အထူးကုဆရာဝန်နှင့် အရိုးအထူးကုဆရာဝန်တို့ကို ရုံးခေါ်သက်သေ အဖြစ် စစ်ဆေးခဲ့သည်။

“ဒီအမိန့်ကို ပထမတစ်ကြိမ်က လည်း ချပြီးသား ဖြစ်တယ်၊ အဲဒီချပြီးသား ကလည်း အတည်ဖြစ်နေတယ်။ ကိုယ်တိုင် လည်း အထက်အဆင့်မြင့်ရုံးကို မတက် ခဲ့ဘူး။ အဲဒီအတွက်ကြောင့် နိုင်ငံတော် ရဲ့မူဝါဒနဲ့လည်း အမှုစပ်လျဉ်းပြီး အများ ပြည်သူရဲ့ စိတ်ဝင်စားတဲ့ အခြေအနေကို ချင့်ချိန်ပြီးတော့ ဒီလျှောက်ထားမှုကို ပယ်ခဲ့တယ်”ဟု တိုင်းတရားလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်ဦးက ပြောသည်။

အာမခံမပေးသည့်အပေါ် ကျေနပ်မှု မရှိပါက နေပြည်တော်ရှိ အထက်တရား ရုံး (တရားလွှတ်တော်ချုပ်)ထံ ထပ်မံ လျှောက်ထား နိုင်သည်ဟု  ဒေါ်မေသက်ဦးက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်ကို အာမခံပေး ရန် ပြီးခဲ့သည့် ဇွန်လအစောပိုင်းက ၎င်း၏ရှေ့နေများက ဒုတိယအကြိမ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း တိုင်းတရားသူကြီးက အာမခံမပေး ကြောင်း အမိန့်ချခဲ့ဖူးသည်။

ဒေါက်တာလဲ့လဲ့မော်အမှုတွဲတွင် ပါဝင်သည့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးစလုံးကလည်း အာမခံလျှောက် လိုက်သည်။

GGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိန်း ထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။

GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးက ဇွန်လ ၂၅ ရက် ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ပြီး ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အတွက် ဇူလိုင်လ ၂ ရက်တွင် အာမခံထပ်လျှောက်လိုက်ခြင်း ဖြစ်သည်။

“သူတို့ရဲ့ အကြောင်းပြချက်ကတော့ သူတို့က ပြစ်မှုကျူးလွန်ကြောင်း မပေါ် ပေါက်သေးတဲ့အချိန်မှာ အာမခံပေးလို့ ရှိရင်လည်း ရပါတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အာမခံလျှောက်တာ ဖြစ်တယ်”ဟု တိုင်းတရားလွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မေသက်ဦးက ပြောသည်။

နောက်ရုံးချိန်းဖြစ်သည့် ဇူလိုင်လ ၁၁ ရက်တွင် ဦးအောင်မြတ်နှင့် ဦးသူရအုံတို့၏ အာမခံလျှောက်ထားမှုအပေါ် ကြားနာမည် ဖြစ်ပြီး GGS ကုမ္ပဏီဥက်္ကဋ္ဌ ဦးသိန်းထွေးကိုမူ အာမခံပေး / မပေး အမိန့်ချမည်ဖြစ်ကြောင်း ဒုညွှန်မှူး ဒေါ်မေသက်ဦးက ဆိုသည်။

နောက်ထပ်ရုံးချိန်းများကို ဇူလိုင် လ ၁၁ ရက်နှင့် ၁၂ ရက်ကို ပြန်ချိန်းဆို ထားပြီး တရားလိုပြသက်သေများအဖြစ် ယခင်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့် ဦးဝင်းရှိန်အပါအ၀င် တရားလိုပြ သက်သေ နှစ်ဦးကို စစ်ဆေးမည်ဖြစ် ကြောင်း တိုင်းတရားလွှတ်တော်ရုံးထံမှ သိရသည်။          

Dawei Watch