မြိတ်ခရိုင်တွင် မိုးစပါးချေးငွေ လာရောက်ထုတ်ယူသူ ယခင်နှစ်များ ထက် လျော့နည်းလာကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ဘဏ်ခွဲ) ထံမှ သိရသည်။
ယခင်က ပုံစံ ၇ မိတ္တူဖြင့် ချေးငွေ ထုတ်ချေးသော်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပုံစံ ၇ မူရင်းကို ဘဏ်တွင် အပ်နှံထားမှ ငွေထုတ်ချေးမည်ဟု သတ်မှတ်လိုက် သည့်အတွက် ချေးငွေထုတ်သူ လျော့နည်း သွားခြင်းဖြစ်ကြောင်း အထက်ပါဘဏ်ခွဲ မန်နေဂျာ ဦးယဉ်ဌေးက ပြောသည်။
၂၀၁၆ ခုနှစ်က မြိတ်ခရိုင်တွင် မိုးစပါးချေးငွေ ထုတ်ယူသည့် တောင်သူ ခုနှစ်ထောင်နီးပါးရှိခဲ့ရာမှ တစ်နှစ်ထက် တစ်နှစ်လျော့နည်းလာပြီး ၂၀၁၈ ခုနှစ် တွင် ငါးထောင်ကျော်သာ လာရောက် ထုတ်ယူခဲ့ကြောင်း ဦးယဉ်ဌေးက ဆိုသည်။
“ဒီနှစ်တော့ ဘယ်လောက် လာထုတ် ကြမလဲ မသိရသေးဘူး”ဟု ဦးယဉ်ဌေးက ပြောသည်။
တောင်သူအချို့မှာ အခြားနေရာ တွင် ပုံစံ ၇ မူရင်းကို ပေါင်နှံကာချေးထား ကြကြောင်း ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာက လယ်သမားအချို့ ဆိုသည်။
“အစိုးရချေးငွေပေးတဲ့ အချိန် သူတို့ လက်ထဲမှာ စာအုပ်ကမရှိတော့ မရတော့ဘူး ပေါ့”ဟု ညောင်ဘီးကျေးရွာမှ အသက် ၅၃ နှစ်အရွယ် တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ဘဏ်ခွဲ)တွင် မေလ ၇ ရက်မှ စတင်၍ ချေးငွေထုတ်ချေးနေပြီး စက်တင်ဘာလကုန်အထိ ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ခွဲထံမှ သိရသည်။
Dawei Watch