မြိတ် – ကျွန်းစု အမြန်ယာဉ်ခ တိုးကောက်ခွင့်မပြု

0
1009

မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်ခနှုန်းထား တိုးကောက် မည့်အစီအစဉ်ကို ခွင့်မပြုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

အမြန်ရေယာဉ်များအရှုံးပေါ်နေ သည်ဟုဆိုကာ ဇွန်လ ၂၀ ရက်မှ စတင်၍ ခရီးသည်တစ်ဦးလျှင် လေးရာကျပ် တိုးကောက်မည်ဖြစ်ကြောင်း အမြန်ယာဉ်အသင်းက ကြေညာခဲ့သည်။

ယင်းသို့ ကြေညာပြီးရက်ပိုင်းအတွင်း အမြန်ရေယာဉ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်ယူညှိနှိုင်းခဲ့ပြီး ဈေး မတင်ရန်အသိပေးတားမြစ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

“မိုးရာသီခရီးသည် အသွားအလာ ပါးသွားတာလောက်နဲ့ မဖြစ်သင့်ဘူးဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ကိုခေါ်ယူပြီး ပြန်ညှိနှိုင်းပေးခဲ့တယ်”ဟု ဦးဝင်းသူအောင်က ဆိုသည်။

မြိတ်မှကျွန်းစုသို့ ကြံတိုင်းအောင်၊ဂန္ဓမာနှင့်ရွှေပင်ဂွင်း စသည့် ကုမ္ပဏီသုံးခု က ပြေးဆွဲလျက်ရှိသည်။

ယခင်က တစ်နေ့လျှင်အမြန်ရေယာဉ် ၃ ခေါက် ပြေးဆွဲလျက်ရှိပြီး လူတစ်ဦးလျှင် တစ်ထောင့်ငါးရာကျပ်နှုန်းကောက်ခံခဲ့ သည်။

ကျွန်းစုသို့သွားရောက်သည့် ခရီးသည် နှင့်အမြန်ရေယာဉ် ၀န်နှင့် အားမမျှသဖြင့် ခရီးသည်များအန္တရာယ်ရှိနိုင်သောကြောင့် ဇွန်လ ၁ ရက်မှစကာ တစ်နေ့လျှင် ၄ ခေါက် နှုန်းအလှည့်ကျပြေးဆွဲရန်နှင့် ခရီးသည် အသက်အာမခံကြေး ငွေကျပ်တစ်ရာနှုန်း ကောက်ခံရန် ဌာနဆိုင်ရာများနှင့်အမြန် ရေယာဉ်အသင်းတို့မှ တွေ့ဆုံဆွေးနွေးကာ သဘောတူညီခဲ့ကြသည်။

ယင်းသို့သဘောတူညီခဲ့ပြီး လ၀က်ခန့်အကြာတွင် ဈေးနှုန်းတိုးမြှင့်ရန် အမြန် ယာဉ်အသင်းက ကြေညာခဲ့ခြင်း ဖြစ်သည်။

ပြေးဆွဲရသည့် အခေါက်ရေပိုသွား သည့်အပြင် စီးသည့်ခရီးသည်လည်း လျော့ နည်းသွားသည့်အတွက် အရှုံးပေါ်ခဲ့ကြောင်း ကြံတိုင်းအောင်ကုမ္ပဏီပိုင်ရှင် ဦးဇော်ထွန်းက ပြောသည်။

“တိုးပြီးကောက်ခွင့်မပေးဘူးဆိုတော့ လည်း လှေပိုင်ရှင်တွေအနေနဲ့ ဆက်တောင့်ခံ ထားဖို့က မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်၌ မြိတ်မှကျွန်းစုသို့ နံနက် ၈ နာရီတွင်တစ်ကြိမ်၊ ၉ နာရီ တွင်တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီတွင် တစ်ကြိမ် နှင့်မွန်းလွဲ ၂ နာရီခွဲတွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ပြေးဆွဲလျက်ရှိသည်။

ခရီသည်အသွားအလာနည်းသည့် မိုးရာသီကာလအတွင်း ထပ်တိုးထားသည့်  နံနက် ၉ နာရီ ခရီးစဉ်အား ယာယီရပ်ထား ရန် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းရာ တွင် သဘောတူညီခဲ့ကြကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် တိုင်းဒေသကြီး ဆိပ်ကမ်းအရာရှိရုံး(မြိတ်) မှ တာဝန်ရှိသူ က ပြောသည်။

သို့သော် ယခင်သဘောတူထား သည့်အတိုင်း လကုန်ရက်တွင် အခေါက်ရေ ပိုဆွဲပေးရန်ကိုမူ ရေယာဉ်ပိုင်ရှင်များက လိုက်နာရန်သဘောတူညီခဲ့သည်ဟု ၎င်းက ဆိုသည်။

Dawei Watch