လောင်းလုံးတွင် သစ်တောဧရိယာမှ ပယ်ဖျက်ထားသော ရွာများရှိ ဒေသခံပိုင်မြေ တိုင်းတာမည်

0
752

လောင်းလုံးမြို့နယ်အတွင်းရှိ သစ်တော ဧရိယာမှ ပယ်ဖျက်ထားသည့် ကျေးရွာ များရှိ ဒေသခံတစ်ဦးချင်း၏ နေအိမ်၊ လယ်မြေ စသည့် ဧရိယာတို့ကို တိုင်းတာ သတ်မှတ်မည်ဖြစ်ကြောင်း လောင်းလုံး မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

မောင်းမကန်၊ တောရှည်၊ ကျောက် ဆင်၊ ပညစ်ကျေးရွာအုပ်စုတို့မှ ကျေးရွာ များနှင့် ပန်းတင်အင်းကျေးရွာအုပ်စုရှိ ရွာအချို့တွင် ဒေသခံများ နေထိုင်၊ လုပ်ကိုင် နေသည့် မြေဧရိယာများကို တိုင်းတာသတ် မှတ်မည်ဖြစ်ကြောင်း အထက်ပါဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်လင်းက ပြောသည်။

ယင်းကျေးရွာများသည် ၂၀၁၃ ခုနှစ် ကတည်းက သစ်တောဧရိယာမှ ပယ်ဖျက် ပေးထားသည့် ကျေးရွာများဖြစ်ပြီး ဒေသခံ များ ပိုင်ဆိုင်ခွင့် အထောက်အထား (မြေဂရမ်) လျှောက်ထားနိုင်ရန်အတွက် မြေဧရိယာ သတ်မှတ်တိုင်းတာရန် စီစဉ် ခြင်းဖြစ်ကြောင်း ဦးဇော်နိုင်လင်းက ပြောသည်။

ယင်းတိုင်းတာရေးလုပ်ငန်းစဉ်ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်နေပြီး သက်ဆိုင်ရာဌာန အလိုက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အချို့ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလုပ်ငန်းစဉ်က သစ်တောဌာနတစ်ခုတည်းလုပ်ရတာမျိုးမဟုတ်ဘူး၊ ရွာတွေကလည်းများတဲ့အခါကျတော့ ဘယ်အချိန်ပြီးမလဲဆိုတာကတော့ ပြောရခက်တယ်”ဟု ၎င်းက ဆိုသည်။

သစ်တောစွန့်လွှတ်မြေများ စနစ်တကျ တိုင်းတာနိုင်ရေး အတွက် သစ်တော ဧရိယာမှ ပယ်ဖျက်ထားသည့် ကျေးရွာ များမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်တို့ က ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ကျော်သူစိုး