မွန်တွင်သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ်နှစ်ဦးသေဆုံး

0
615

မွန်ပြည်နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါကြောင့် ကလေးငယ် နှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တဖြည်းဖြည်း များပြားလာပြီး ဇွန်လ ၁၇ ရက်ထိ စာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ  ၃၆၅ ဦးရှိကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

“မနှစ်ကလောက်တော့ မများသေး ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လ (မေလ) ကနေစပြီးတော့ တော်တော်တက်လာ တယ်၊ သေသွားတဲ့ ၂ ယောက်ကလည်း ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတော့ အဓိက စီးပွားရေးနဲ့ ပိုသက်ဆိုင်ပါတယ်။ ကလေးတွေက အဖွားနဲ့နေတယ်။ မိဘတွေက အလုပ်သွားတယ်။ ဖျားပြီး ၄ /၅ ရက်လောက် မှ ဆေးရုံရောက်လာတယ်။ နောက်ကျသွား တယ်”ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောသည်။

မော်လမြိုင်ကလေးဆေးရုံတွင် သွေးလွန်တုပ်ကွေးကြောင့် တက်ရောက်ဆေး ကုသသည့်လူနာ တစ်နေ့လျှင် ၁၀ ဦးနှင့် ၂၅ ဦးကြားရှိကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင် မော်လမြိုင်၊ မုဒုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် သိသိသာသာ ရောဂါအဖြစ်များနေသည့်အနေအထား ရှိပြီး သွေးလွန်တုပ်ကွေးအဖြစ်များသည့် အသက်အရွယ်သည် အသက် ၅ နှစ်မှ ၉ နှစ်အရွယ်အကြား ကလေးအုပ်စုများ ဖြစ်ကြောင်းလည်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“ဆေးရုံမှာ တစ်ပတ်လောက်နေ လိုက်ရတယ်။ ကလေးအများစုက သွေးလွန်တုပ်ကွေးဖြစ်ကြတယ်၊ တချို့ကလေး ဆို ၁ နှစ်၊ ၁ နှစ်အောက်တွေလည်း တွေ့ရတယ်၊ ဆေးရုံမှာ နေစရာတောင် မရှိဘူး၊ ပြည့်ကျပ်နေတာပဲ”ဟု မော်လမြိုင် ကလေးဆေးရုံတွင် တက်ရောက်ဆေးကုသခဲ့ရသည့် ကလေးတစ်ဦး၏မိခင် ဒေါ်ခင်တင့်က ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး အထူးသဖြင့် ကျောင်းဖွင့်သည့်ရာသီ ဇွန်၊ ဇူလိုင်လတို့တွင် အဖြစ်များတတ်သည့်သဘော ရှိသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ပြည်နယ်ကျန်းမာရေးဌာနအနေ ဖြင့်လည်း မိုးတွင်းကာလတွင်ဖြစ်ပွား တတ်သည့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် ပညာပေးလုပ်ငန်းများအား မြို့နယ်ကျန်းမာရေးဌာန တို့နှင့် ပူးပေါင်းပြီး အပတ်စဉ် ခြင်နှိမ်နင်း ကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက် လန်းသတ်ဆေးခပ်ခြင်းလုပ်ငန်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ယင်း ဌာနထံမှ သိရသည်။

၂၀၁၈ ခုနှစ်အတွင်းက မွန်ပြည်နယ် တစ်ခုလုံးတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၅၉၅ ဦးရှိပြီး သေဆုံးသူ ၄ ဦးရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းအရ သိရသည်။

Dawei Watch