ကျိုက်မရောတွင် ကျောက်မီးသွေးဖြင့် ဘိလပ်မြေစက်ရုံ လည်ပတ်ရန် စီစဉ်နေ

0
527

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် June Cement Industry Limited မှ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားဖြင့် ဘိလပ်မြေစက်ရုံ လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းကုမ္ပဏီ ထံမှ သိရသည်။

ကုမ္ပဏီအနေဖြင့် ဆိပ်ခံတံတား တည်ဆောက်ခြင်း၊ တူးမြောင်းတူးဖော် ခြင်း၊ ရွှံ့စေးမြေတူးဖော်ခြင်းနှင့် ဂ၀ံကျောက် တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး ဇွန်လ ၁၅ ရက်က ဒေသခံတို့နှင့် လူထုရှင်းလင်းပွဲပြုလုပ်ရာတွင် စက်ရုံအတွက် သုံးစွဲမည့် လျှပ်စစ်ဓာတ်အား နှင့် ပတ်သက်ပြီး ဒေသခံတို့၏ မေးမြန်း လာမှုအပေါ် စက်ရုံကို ကျောက်မီးသွေးဖြင့် လည်ပတ်ခွင့်ရရန် အစိုးရထံ တင်ပြထားသည်ဟု ကုမ္ပဏီက ဖြေကြားခဲ့သည်။

“လောလောဆယ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီးတော့ ခွင့်ပြုမိန့်မကျသေးလို့ ကျွန်တော်တို့ ဘာမှ ပြောလို့မရသေးဘူး”ဟု June Cement Industry Limited ၏ စီမံကိန်းဒါရိုက်တာ ဦးတင်ဦးက ပြောသည်။

June Cement Industry Limited အနေနှင့် ကျိုက်မရောတွင် လည်ပတ်မည့် ဘိလပ်မြေစက်ရုံအတွက် ၁၅ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေးသုံးလျှပ်ဓာတ်အားပေးစက်ရုံ ၂ ရုံ တည်ဆောက်ခွင့်ရရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရထံ လွန်ခဲ့သည့် တစ်လခန့်က တင်ပြထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးထံမှ သိရသည်။

ဒေသခံများအနေဖြင့် ကျောက်မီး သွေးဖြင့် စက်ရုံလည်ပတ်ခြင်းကို လက်မခံမည်မဟုတ်ဘဲMCL ဘိလပ်မြေစက်ရုံကို ကန့်ကွက်သကဲ့သို့ June ကုမ္ပဏီကို လည်း ကန့်ကွက်သွားမည်ဟု ၎င်းတို့က ဆိုသည်။

“ကျောက်မီးသွေးသုံးလို့ MCL ကိုလည်း ကန့်ကွက်ခဲ့တယ်။ အခုလည်း သူတို့က ကျောက်မီးသွေး သုံးမယ်ဆိုတော့ ဒေသခံတွေက ကန့် ကွက်ဦးမှာပဲ။ လက်ခံမှာမဟုတ်ဘူး” ဟု ကျိုက်မရောဒေသခံ နိုင်ရွှေဝင်းက ပြောသည်။       

Dawei Watch