တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်းကို ဦးဝင်းထိန် ထောင်ဝင်စာ လာတွေ့

0
881

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းထိန်က ထားဝယ် အကျဉ်းထောင်တွင် ထောင်ဝင်စာလာတွေ့ ခဲ့ကြောင်း အကျဉ်းထောင်တာဝန်ခံအရာရှိက ပြောသည်။

NLD ပါတီနာယက ဦးဝင်းထိန်နှင့် တနင်္သာရီတိုင်းအလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးတို့ ပါဝင်သည့်အဖွဲ့က ဇွန်လ ၁၂ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှ ၈ နာရီ  ၄၀ မိနစ်အထိ ဒေါက်တာလဲ့လဲ့မော် နှင့် (ထောင်ဝင်စာတွေ့) တွေ့ဆုံခဲ့ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အကျဉ်းထောင် ၀င်ပေါက် ဂိတ်တွင် ကပ်ထားသည့် ထောင်ဝင်စာတွေ့ဆုံသူများသိရှိစေရန်ဟု ရေးသား ထားသည့်စာတွင် ထောင်ဝင်စာတွေ့ရန် မှတ်ပုံတင်သည့်အချိန်ကို နံနက် ၈ နာရီမှ နံနက် ၁၀ နာရီ ၁၅ မိနစ်အထိနှင့် မွန်းလွဲ၂ နာရီမှ ၃နာရီ ၁၅ မိနစ်အထိ ခွင့်ပြုကြောင်း ရေးသားထားသည်။

ထောင်ဝင်စာသွားတွေ့သူ၏ ခရီး သွားရမည့် အခြေအနေအပေါ် မူတည်ကာ သတ်မှတ်ချိန်ထက်စော၍ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အခြားထောင်ဝင်စာတွေ့သူများကိုလည်း ယင်းကဲ့သို့ ခွင့်ပြုနေကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးဗိုလ်ဗိုလ်က ဆိုသည်။

“သူက(ဦးဝင်းထိန်) ခရီးသွားဖို့ပြန်ဖို့ ဘာညာရှိတဲ့အတွက်မို့ အဲလိုကန့်သတ် ပေမယ့် လိုအပ်လို့ရှိရင်တော့ ဒီထက်စော တွေ့ချင်တယ်ဆိုလည်း သူ့ကိုမှမဟုတ်ဘူး၊ ဒီ့ပြင်လူကိုလည်း ဆောင်ရွက်ပေး တယ်”ဟု ဦးအေးဗိုလ်ဗိုလ်က ပြောသည်။

ဦးဝင်းထိန်သည် ဇွန်လ ၁၀ ရက်က ထားဝယ်မြို့သို့ ရောက်လာခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင် အပါအ၀င် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဦးဝင်းထိန်သည် တရားစွဲဆိုခံနေရ သည့် ဒေါက်တာလဲ့လဲ့မော်အား တွေ့ဆုံ အားပေးရန် လာရောက်သည်ဟု သိရကြောင်း NLD ပါတီ တိုင်းတွဲဖက် အတွင်းရေးမှူး ဦးအေးနိုင်က ဆိုသည်။

၎င်းလာရောက်ချိန်တွင် NLD တိုင်း အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် တိုက်ဆိုင်နေသည့်အတွက် အဆိုပါ အစည်း အဝေးတွင် သဘာပတိအဖြစ်လည်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တိုင်းတရားလွှတ်တော်တွင် အမှုလေးမှုဖြင့် တရားစွဲဆိုထားပြီး အမှုကို စစ်ဆေးနေဆဲဖြစ်သည်။

Dawei Watch