ထားဝယ်လျှပ်စစ်ယူနစ်ဈေးနှုန်း ဇွန်လမှသာ တိုးကောက်ခွင့်ပြု

0
1639

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ် ၂၅၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခြင်း ကို လက်ရှိ ဇွန်လမှသာ ကောက်ခံခွင့်ပြု တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြော သည်။

ယင်းအပြင် လမ်းမီးကြေးကိုလည်း မီတာတစ်လုံးလျှင် ကျပ် ၂၀၀ သာ ကောက်ခွင့်ပြုကြောင်း ၎င်းက ဆိုသည်။

အထက်ပါနှုန်းထားများကို မေလ ၃၁ ရက်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ ကြောင်း ၀န်ကြီးဦးအောင်သူရက ပြောသည်။

“မီတာယူနစ်ဈေး ၂၅၀ (ကျပ်)ကို ဇွန်လမှ ကောက်ရမယ်၊ ငါးလပိုင်းအတွက် ကို ၂၀၀ ပဲ ကောက်ရမယ်”ဟု ဦးအောင်သူရက ဆိုသည်။

ယခင်က လျှပ်စစ်ယူနစ်လျှင် ကျပ် ၂၅၀ နှင့် လမ်းမီးကြေးကို မီတာတစ်လုံး လျှင် ကျပ် ၄၀၀ ကို မေလမှ စကောက်ခွင့်ပြုမည်ဟု ၀န်ကြီးက ပြောဆိုခဲ့ဖူးသည်။

သို့ရာတွင် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇွန်လမှသာ စကောက် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် GGS ကုမ္ပဏီနှင့် တိုင်း အစိုးရတို့ ချုပ်ဆိုထားသည့် လျှပ်စစ် ထုတ်လုပ်ရေးစာချုပ်ကို ဖျက်သိမ်းလိုက် ပြီဖြစ်ပြီး ထုတ်လုပ်/ဖြန့်ဖြူးလုပ်ငန်း အတွက် ယာယီစာချုပ်ကို ဇွန်လအတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်သူရက ဆိုသည်။

ဇွန်လမှစတင်ကာ လျှပ်စစ်ယူနစ် ဈေးနှုန်း တိုးမြှင့်ကောက်ခံမည့်အကြောင်း ကို ပြည်သူလူထုကို အသိပေးရန် လိုအပ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း ဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှု ကော်မတီဝင်တစ်ဦး ဖြစ်သည့် ဦးကျော်ကျော်ဦးက ပြောသည်။

အဆိုပါ ကော်မတီတွင် တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ကော်မတီအဖွဲ့ဝင် ၃၄ ဦး ပါဝင်သည်။

“ဇွန်လအတွက် ကောက်ခံမယ့် အကြောင်းကို စားသုံးသူ(ပြည်သူ)ကို အသိ ပေးရမှာ”ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

GGS ကုမ္ပဏီက အဂတိလိုက်စား မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံနေရ ပြီး လျှပ်စစ်ထုတ်လုပ်ရေးစာချုပ် စည်းကမ်း ကို ဖောက်ဖျက်ထားသည့်ကုမ္ပဏီကို ယာယီပြန်လုပ်ခွင့်မပေးဘဲ တင်ဒါအသစ် ပြန်ခေါ်သင့်ကြောင်း ဒေသတွင်း လျှပ်စစ် ပြဿနာဆိုင်ရာကိစ္စရပ်များ လှုပ်ရှားမှု ကွန်ရက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဝေဖြိုးက ဆိုသည်။

“ကွက်လပ်ပေါင်း မြောက်များစွာနဲ့ ချုပ်ထားတဲ့စာချုပ်ကို အမျိုးမျိုး ချိုးဖောက် ပြီး လုပ်သွားတဲ့ ဒီကုမ္ပဏီအပြင် အခြား ကုမ်္ပဏီ မရှိတော့ဘူးလားပေါ့”ဟု ကိုဝေဖြိုးက ပြောသည်။

လက်ရှိ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် GGS ကုမ္ပဏီကိုပင် ယခုနှစ် အောက်တိုဘာလ ခန့်အထိ ယာယီ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ယင်းကာလအတောအတွင်း ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါပြန်ခေါ်မည် ဖြစ်သည်။

မီတာခ အပြောင်းအလဲသတင်းများ ထွက်ပေါ်နေသော်လည်း မေလအတွက် မီတာခတောင်းခံလွှာ စာရွက်များကို GGS ကုမ္ပဏီက ဇွန်လ ၈ ရက်အထိ လာမပေးသေးဟု ထားဝယ်မြို့ခံတစ်ချို့က ပြောသည်။

တိုင်းအစိုးရအနေဖြင့် လျှပ်စစ် တစ် ယူနစ်ဈေးနှုန်းနှင့် လမ်းမီးခမည် သို့ ကောက်ခံရမည်ဆိုသည်ကို တရားဝင် အကြောင်းကြားလာခြင်း မရှိသည့် အတွက် မီတာခ တောင်းခံလွှာ မဖြန့်ဝေရ သေးကြောင်း GGS ကုမ္ပဏီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးတင်ထွန်းဦး က ဇွန်လ ၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြောသည်။

“မီတာဘေလ်ထွက်နိုင်ဖို့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ ညွှန်ကြားချက်ကို ထိုင်စောင့်နေတယ်” ဟု ဦတင်ထွန်းဦး က ဆိုသည်။

ကိုဇော်